သန်း ၁၂၀ လောက် ပေးရတယ်ဆိုရင်တောင် ရရင် မနက်ဖြန်ပဲ မန်ယူ ထခေါ်သင့်တဲ့ တိုက်စစ်မှုး
မန်ချက်စတာ ယူနိုက်တက်ဟာ စပို့တင်းလစ္စဘွန်းမှာ ရင်သပ်ရှုမောဖွယ် ဂိုးသွင်းစွမ်းရည်ပြသနေတဲ့ ဂယော်ကီရက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တဲ့အသင်းအများအပြားထဲမှာ ပါဝင်ခဲ့ပါတယ်။
သရဲနီတိုက်စစ်မှူးဟောင်း လူးဝစ္စ ဆာဟာ က ဂယော်ကီရက်စ် ကို ခေါ်မယ့် အစား မန်ချက်စတာ ယူနိုက်တက်က ပေါင်သန်း ၁၂၀ ပေးရမယ်ဆိုရင်တောင်မှ ဟာရီကိန်း အိုးထရက်ဖို့ဒ်ရောက်လာတာပဲ ပိုမြင်ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
“ မန်ယူနိုက်တက်က ဂယော်ကီရက်စ်ကို မခေါ်သ့င့်ပါဘူး။ သူက မယုံနိုင်စရာပုံစံကောင်းတွေ ဆက်တိုက်ပြသနေတဲ့ ကစားသမားကောင်းလို့ ထင်ပါတယ်။ ချန်ပီယံလိဂ်မှာတောင်မှပေါ့။ ဒါပေမယ့် သူက စပို့တင်းလစ္စဘွန်းမှာ လုပ်နေတဲ့အရာတွေအတိုင်း ပရီးမီးယားလိဂ်မှာတော့ လုပ်နိုင်မှာမဟုတ်ပါဘူး။
စပို့တင်းက မန်ယူနိုက်တက်လောက် ဖိအားတွေအောက်ကို ရောက်မနေပါဘူး။ လုံးဝကို မတူညီတဲ့ အနေအထားရှိတဲ့အသင်းပါ။ အခုအချိန်မှာ မန်ချက်စတာယူနိုက်တက်က ရာ့စ်မွတ် ဟွိုင်လန်းနဲ့ ဂျိုရွှာ ဇာဇီးကို ပိုင်ဆိုင်ထားပြီး အချိန်တော်တော်များများမှာ ဖိအားတွေက သူတို့ ၂ ယောက်တည်းကိုင်တွယ်ဖို့အတွက် အရမ်းများလွန်းနေပုံပေါ်ခဲ့ပါတယ်။
ဟာမက် ဆာလားနဲ့ အာလင်း ဟာလန်းတို့ လုပ်နိုင်တဲ့အရာမျိုး လုပ်နိုင်တဲ့ ကစားသမားတွေကို ရှာတွေ့ဖို့ ခက်ပါတယ်။ မန်ယူနိုက်တက်က ပြိုင်ဘက်တွေကို တကယ်နာကျင်အောင် လုပ်နိုင်မယ့် တိုက်စစ်မှူးမျိုး ရှာဖွေဖို့လိုပြီး အဲဒီလို လုပ်နိုင်တယ်ဆိုတာ သက်သေပြသပြီးသားသူဖြစ်ဖို့လိုတယ်။ ဒါက ကြီးမားတဲ့ တာဝန်ကြီးပါ။

မန်ယူနိုက်တက်က ငွေတွေအများကြီးသုံးစွဲခဲ့ပါတယ်။ ဂယော်ကီရက်စ်က အဖြေလို့ ကျွန်တော် မထင်ဘူး။ ခင်ဗျား ဟာရီ ကိန်းအတွက် ပေါင်သန်း ၁၂၀ လောက် ပေးရတယ် ဆိုရင်တောင် မနက်ဖြန်ပဲ ပေးပြီး ခေါ်သင့်တယ်။ ဘောလုံးမှာက အာမခံချက်က အရမ်းနည်းပါးပါတယ်။ ဒါပေမယ့် ဒါက မန်ယူနိုက်တက်လိုမျိုးအသင်း လိုအပ်နေတဲ့ တိုက်စစ်မှူးမျိုးပါ။”လို့ ပြောကြားခဲ့ပါတယ်။
ဟာရီ ကိန်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၆၁ ပွဲ ပါဝင်ကစားပေးထားရာမှာ ၆၁ ဂိုးအထိ အထင်ကြီးဖွယ် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းမှာ ကစားခဲ့တဲ့အချိန်ကတည်းက ဥရောပရဲ့ ဂိုးသွင်းအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သက်သေပြသထားပြီးသူဖြစ်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၁၃ ဂိုးအထိ သွင်းယူထားပြီးဖြစ်တာကြောင့် အလန် ရှီးယားရဲ့တသက်တာဂိုးသွင်းအများဆုံး ၂၆၀ ဂိုးစံချိန်ကို ချိုးဖျက်ဖို့အတွက် တစ်ချိန်မှာ အင်္ဂလန်ကို ပြန်လာဖို့ ကြိုးပမ်းကောင်း ကြိုးပမ်းနိုင်တယ်လို့ ယူဆမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။