၁၇ လ အကြာမှ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်လာခဲ့ပြီ ဖြစ်တဲ့ ပေါ်တော်မူ ကစားသမား
မန်ယူ ဘယ်အစွန် နောက်ခံလူ တိုင်ရဲလ် မာလာစီယာဟာ ဒဏ်ရာကြောင့် ၁၇ လကြာ အနားယူခဲ့ရပြီးနောက် ဟက်ဒါဖီးလ်တောင်းနှင့် ရင်ဆိုင်ကစားရတဲ့ ယူနိုက်တက်ယူ-၂၁ အသင်းရဲ့ EFL Trophy ပွဲမှာ ပြန်လည် ကစားလာနိုင်ခဲ့ပါတယ်။
ဘယ်နောက်ခံလူဟာ ၂၀၂၃ ခုနှစ် ဇွန်လတုန်းက ခရိုအေးရှားကို ရှုံးနိမ့်တဲ့ နယ်သာလန်ရဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ လူစားဝင်ရောက်ကစားစဉ် ဒဏ်ရာရရှိပြီးနောက် အနားယူလာခဲ့ရတာလည်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ ကစားသမားဟာ ယင်းနောက်ပိုင်းတွင် ဒူးဒဏ်ရာကို ၂ ကြိမ်တိုင်တိုင် ခွဲစိတ်ကုသမှုခံခဲ့ရပြီး ဖေဖော်ဝါရီ လတွင် ပြန်ကစားနိုင်မယ်လို့ ယူဆခဲ့ရပေမဲ့ ဒဏ်ရာအခြေအနေ ရှုပ်ထွေးမှုနှင့်အတူ ပိုမို အနားယူခဲ့ရပါတယ်။
လုခ်ရှော နေရာ ဆက်ခံဖို့ ရည်ရွယ် ခေါ်ယူခြင်း ခံခဲ့ရတဲ့ မာလာစီယာဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့လာတဲ့ ပထမဆုံးရာသီမှာ ၃၉ ပွဲအထိ ကစားခွင့်ရခဲ့သူပါ။
သူဟာ ဟက်ဒါဖီးလ်တောင်းက ၄-၁ ဂိုးဖြင့် အနိုင်ရသွားရတဲ့ ယင်းပွဲမှာ ပထမပိုင်း ၄၅ မိနစ် ပါဝင်ကစားနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ အခြားဒဏ်ရာရကစားသမားများဖြစ်ကြတဲ့ လုခ်ရှော၊ မေဆင်မောင့်၊ လီနီယိုရို၊ ကိုဘီမိုင်နူး၊ တိုဘီကိုလ်ယာတို့မှာလည်း ပြန်လည်ကစားနိုင်ရန် နီးစပ်နေကြပြီ ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြသစ်ရူဘင်အေမိုရမ်ဟာ လာမယ့်အပတ်မှ စတင်ကာ အသင်းကို လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။ သူဟာ ပထမဆုံးပွဲအဖြစ် နိုဝင်ဘာလ ၂၄ ရက်နေ့ အစ္စဝှစ်ချ်တောင်းနှင့်ပွဲကို ကြီးကြပ်လာပါမယ်။