အမ်မိုရင်းရဲ့ အသင်းမှာ အဓိက ဇာတ်လိုက်ကျော် ဖြစ်လာမယ့် မန်ချက်စတာ ယူနိုက်တက် ကစားသမား

မန်ချက်စတာ ရောက်နေပြီ ဖြစ်တဲ့ နည်းပြ ရူဘန် အမ်မိုရင်းဟာယူနိုက်တက်ရဲ့ ကစားကွက်ကို ခံစစ် ၃ ယောက်တန်း အထိုင်အဖြစ် ချက်ချင်း အပြောင်းအလဲ ပြုလုပ်သွားမယ်လို့ သိရတယ်။

သူ စတင် သုံးမယ့် နည်းစနစ်ကတော့ ၃-၄-၃ ဒါမှမဟုတ် ၃-၄-၂-၁ ဖြစ်မယ်လို့လည်း ဖော်ပြလာနေပါတယ်။ ဒီအတွက် အဓိက လူ အဖြစ် သုံးလို့ရတဲ့ ကစားသမားကလည်း မန်ယူမှာ အသင့် ရှိနေပါတယ်။

ပေါ်တူဂီသား နည်းပြ ဟာ နိုင်ငံတကာသီတင်းပတ် အပြီးမှာ မန်ချက်စတာ ယူနိုက်တက် ယှဉ်ပြိုင်ရမယ့် အစ်ဝစ်ချ်ပွဲ ကနေ စတင် တာဝန်ယူမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ခံစစ်အထိုင်ဟာ အနာဂတ်မှာ မာတီနက်စ်၊ ဒီလစ်နဲ့ ယိုရိုတို့ ဖြစ်လာဖွယ်ရှိပြီး လက်ရှိမှာတော့ ဒီလစ် တစ်ဦးတည်း ကြံ့ခိုင်မှုပိုင်း အာမခံချက် ကောင်းနေတာ ဖြစ်ပါတယ်။

အမ်မိုရင်းရဲ့ နည်းစနစ်မှာ အဓိက ကျလာမယ့် ဇာတ်လိုက်ကျော်က မေဆန်မောင့် လို့ အင်္ဂလန်သတင်းတွေက သုံးသပ်ထားကြပါတယ်။

မောင့်ဟာ ဒီရာသီ ကြံ့ခိုင်မှုပိုင်း ရုန်းကန်ထားရပေမယ့် နောက်ဆုံးကစားထားတဲ့ ၂ ပွဲမှာ လူစာရင်းထဲ ပြန်ပါလာခဲ့ပြီး ချယ်ဆီးမှာလည်း အမ်မိုရင်း ကစားကွက်နဲ့ ဆင်တူတဲ့ ပုံစံမျိုး အံဝင်အောင် ကစားထားသူပါ။

အမ်မိုရင်းဟာ မေဆန်မောင့်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ စွယ်စုံရမှုကို သဘောကျထားကာ သူ့ရဲ့ စနစ်မှာ ကောင်းကောင်းကြီး အံဝင်မယ်လို့လည်း ယုံကြည်ထားတယ်။ ကြံ့ခိုင်မှုကပဲ အဓိက ပြဿနာဖြစ်ပြီး မောင့် အပါအဝင် စီနီယာ ကစားသမားတွေ ရာနှုန်းပြည့် သုံးနိုင်ဖို့ကို ဦးစားပေးသွားဖို့ ရှိနေပါတယ်။

ယူနိုက်တက် နည်းပြသစ် ရူဘန် အမ်မိုရင်းဟာ အင်္ဂါနေ့က ကာရင်တန် လေ့ကျင့်ရေးသို့ ပထမဆုံး အကြိမ် ရောက်လာခဲ့ပြီး ထရိန်နင်မှာ ပြန်လည်ထူထောင်ရေး လေ့ကျင့်နေကြတဲ့ ယိုရို၊ မောင့်၊ မိုင်နူး အစရှိတဲ့ ကစားသမားတွေနဲ့ တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။