ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို ခေါင်းကိုက်စရာတွေ စကြုံနေရတဲ့ မန်ယူနည်းပြသစ် အမ်မိုရင်း

နိုဝင်ဘာ နိုင်ငံတကာ သီတင်းပတ် ကာလမှာ မန်ယူ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ် ဒဏ်ရာပြဿနာကြုံတွေ့လာရမှုနှင့်အတူ မန်ယူနိုက်တက် နည်းပြသစ် ရူဘင် အမ်မိုရင်း အတွက် ထိုးနှက်ချက်ကြုံလာရပါတယ်။

အမ်မိုရင်းဟာ ယခုအပတ်တွင် ယူနိုက်တက်နည်းပြအဖြစ် စတင်အလုပ်လုပ်လာတာ ဖြစ်ပြီး ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် ကစားသမားအချို့တို့နှင့် တွေ့ဆုံခဲ့ပါတယ်။

အသက် ၂၆ နှစ်ရှိ လီဆန်ဒရိုမာတီနက်ဇ်ကတော့ ပါရာဂွေး၊ ပီရူးတို့နှင့် ကစားမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အတွက် အာဂျင်တီးနားအသင်းက ရွေးချယ်ခံရပေမယ့် ပြန်နှုတ်ထွက်လာခဲ့ရပါတယ်။

မာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းနှင့် ပူးပေါင်းစဉ် ဒဏ်ရာရရှိနေကြောင်း ဆေးအဖွဲ့က တွေ့ရှိသွားပြီးနောက် ယူနိုက်တက်နှင့် ပြန်လည်ပူးပေါင်းလာခဲ့ပြီ ဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ အာဂျင်တီးနားနှင့် မပူးပေါင်းမီ တနင်္ဂနွေနေ့တုန်းက လက်စတာကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲစဉ်တွင် ဒဏ်ရာ ရရှိခဲ့တာလို့ ယူဆရပါတယ်။

မာတီနက်ဇ်ဟာ ယင်းပွဲတွင် ပွဲချိန်ပြည့်ကစားခဲ့ပေမဲ့လည်း နာကျင်မှုကြောင့် သက်တောင့်သက်သာ ဖြစ်မနေခဲ့ပါဘူး။

ယခုအခါမှာတော့ ယူနိုက်တက်ဆေးအဖွဲ့ဟာ မာတီနက်ဇ်ရဲ့ ဒဏ်ရာအတိမ်အနက်ကို စစ်ဆေးမှုများ ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။

ရူဘင် အမ်မိုရင်း ဟာ ယူနိုက်တက်နည်းပြသစ်အဖြစ် နိုဝင်ဘာလ ၂၄ ရက်နေ့ အစ္စဝှစ်ချ်နှင့်ပွဲအား စတင်ကြီးကြပ်လာပါမယ်။

အမ်မိုရင်း ဟာ ဗဟိုနောက်ခံလူဟယ်ရီမက်ဂွိုင်းယားကိုလည်း ဒဏ်ရာကြောင့် ယခုလအကုန်အထိ ဆုံးရှုံးထားရပါတယ်။

ဒါပေမဲ့ လီနီယိုရို၊ လုပ်ခ်ရှော၊ မာလာစီယာတို့မှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီ ဖြစ်ကာ ပြန်ကစားနိုင်ရန် နီးစပ်နေပြီ ဖြစ်ပါတယ်။