မန်ယူ ကြယ်ပွင့် ဂါနာချို က ဘယ်အသင်းတွေဆီ သွားချင်နေတာလဲ ဖော်ထုတ်လိုက်တဲ့ နစ်ကီဘတ်

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် အလက်ဟန်းဒရိုး ဂါနာချိုဟာ အနာဂတ်မှာ ရီးရဲလ်မက်ဒရစ် မဟုတ်ရင် ဘာစီလိုနာကို သွားဖို့အတွက် လျှို့ဝှက်ကြံစည်ထားတယ်လို့ နစ်ကီ ဘတ်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဂါနာချိုဟာ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ သွင်းဂိုးအရေအတွက်က ကိန်းဂဏန်း ၂ လုံးအထိ ရောက်ခဲ့သလို ဒီရာသီမှာလည်း ၁၈ ပွဲမှာ ၇ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလတုန်းက အသက် ၂၀ အရွယ် အာဂျင်တီးနားတောင်ပံကစားသမားဟာ မန်ချက်စတာယူနိုက်တက်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဂါနာချိုအနေနဲ့ လာမယ့် ၄ နှစ်အထိ သရဲနီကစားသမားအဖြစ် ဆက်ရှိနေဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း နစ်ကီ ဘတ်က အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ ရီးရဲလ်မက်ဒရစ် သို့မဟုတ် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက် တွန်းအားပေးလုပ်ဆောင်နိုင်တယ်ထင်မြင်နေတာဖြစ်ပါတယ်။

ဂါနာချိုဟာ အရင်တုန်းက ဂျူဗင်တပ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပြီး နစ်ကီ ဘတ်က အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ လာလီဂါထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို ပြောင်းဖို့ အခွင့်အရေးရလာရင် အိုးထရက်ဖို့ဒ်ကို စွန့်ခွာလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ပါ။ ဒါပေမယ့် ကစားသမားကောင်းတွေအားလုံးက အမြဲတမ်း စပိန်ကို ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာကို သွားနိုင်ခြေက ရှိနေတုန်းပါပဲ။

ခင်ဗျား စူပါစတားကစားသမားတွေအားလုံးကို ကြည့်လိုက်ရင် သူတို့တွေ ဘယ်တော့မှ ပရီးမီးယားလိဂ်မှာပဲ မနေသွားပါဘူး။ သူတို့တွေ နောက်ထပ်တစ်ဆင့်ကို သွားချင်တဲ့အချိန်အထိပဲ နေတယ်။ ကစားသမားအများစုက နောက်ထပ်အဆင့်တစ်ခုက ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာကို သွားတာလို့ မြင်နေကြတယ်။

ဒါပေမယ့် ကျွန်တော်တို့ကတော့ မန်ယူနိုက်တက်ထက် ကြီးတဲ့နေရာမရှိဘူးလို့ မြင်ပါတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကိုက မန်ယူနိုက်တက်ကို စွန့်ခွာပြီဆိုတာနဲ့ ခင်ဗျားရဲ့ ကစားသမားဘဝက သွားပြီပဲ။ ခင်ဗျား ဒီမှာ မက်ဒရစ်မှာ လုပ်နိုင်ရင် အသိအမှတ်ပြုခံရသလို အသိအမှတ်ပြုခံရမှာမဟုတ်ပါဘူး။

ခင်ဗျား လာမယ့်နှစ် ဘလွန်ဒေါဆုအတွက် အမ်ဘာပေ ယှဉ်ပြိုင်နိုင်မယ်ဆိုတာကိုတော့ အာမခံနိုင်တယ်။ ဘာလို့လဲဆိုတော့ သူက ရီးရဲလ်မက်ဒရစ်မှာ ရှိနေလို့ပါ။ ဂါနာချိုလည်း အဲဒီလိုပဲ။

သူလည်း ဒီမှာ ကောင်းကောင်း လုပ်နေပါတယ်။ သူက ငယ်ရွယ်သေးတဲ့ အာဂျင်တီးနားသားလေးပါ။ သူ ဒီတိုင်းသာ ဆက်ပြီးကစားသွားရင် သူ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာကို သွားချင်လာလိမ့်မယ်ဆိုတာ တွေးကြည့်လို့ရတယ်။ ကစားသမားတွေက အဲဒီမှာ စူပါစတားတွေ ဖြစ်လာတယ်။ ဘောလုံးကွင်းထဲမှာတင်မဟုတ်ပါဘူး။ “လို့ ပြောကြားခဲ့ပါတယ်။