မန်ယူ စတား ၅ဦး အား အချိန်ပေးဖို့ ဘာညာ ဆင်ခြေမရှိဘူးလို့ နည်းပြ အမ်မိုရင်း ကြိုတင် အသိပေး
နည်းပြ ရူဘန် အမ်မိုရင်းကတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဖြစ် ပထမဆုံး မိတ်ဆက် အင်တာဗျူးမှာတင် ယူနိုက်တက် ကစားသမား ၅ ဦးကို ညှာတာမှာ မဟုတ်ကြောင်း ထုတ်ဖော် အသိပေးလိုက်ပါတယ်။
ငယ်ရွယ်တဲ့ ယူနိုက်တက် ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ကိုဘေး မိုင်နူး၊ ဂါနာချို၊ အာမက် ဒီယာလို၊ ဟွိုင်လန်းနဲ့ ယိုရို တို့ကို ဘယ်လိုစီမံမလဲ ဆိုတဲ့ ကိစ္စ မေးခွန်းထုတ်ခံရရာမှာ နည်းပြ အမ်မိုရင်းက MUTV နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့တာပါ။
Long term project ဆိုတဲ့ စကားလုံးတွေနဲ့ အမ်မိုရင်းကတော့ ယူနိုက်တက်ရဲ့ လက်ရှိ အနေအထားကို လျှော့ပေါ့လိုခြင်း မရှိပါဘူး။

” ကျွန်တော်တို့က ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ အသင်း ဖြစ်လို့ အချိန် လိုအပ်တယ် ဆိုတဲ့ စကားလုံးတွေ ကျွန်တော် မသုံးချင်ဘူးဗျ။
သူတို့က မန်ချက်စတာ ယူနိုက်တက်မှာ ကစားတဲ့ အတွက် ဖိအားတွေ တောင်းဆိုမှုတွေကို ကိုင်တွယ်နိုင်ရပါမယ်။ ဒါတွေရင်ဆိုင်နိုင်လို့ သူတို့ ဒီမှာ ရှိနေတာ ဖြစ်ရမယ်။
အချိန် ယူရမယ် ဆိုတာ ကျွန်တော်တို့ သဘောပေါက်ပါတယ်။ ပွဲတွေကို နိုင်အောင် ကစားမယ်။ စတဲ့နေ့တည်းကနေ အကြောက်တရား ကင်းကင်း ကစားသွားမယ်။
ဒီပုံစံက သူတို့ ကစားနေကြ မဟုတ်ဘူး ဆိုတာတွေ ကျွန်တော် ထည့်တွေးပေးမှာ မဟုတ်ဘူး။ ဒီ အိုင်ဒီယာ အတိုင်းပဲ ဘယ်လိုဖြစ်ဖြစ် ရအောင် ကစားရမယ်။ ဒါက ရည်မှန်းချက်ပဲ။ ” လို့ အမ်မိုရင်းက ဆိုခဲ့တာ ဖြစ်ပါတယ်။
အမ်မိုရင်းရဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲဦးထွက်ကတော့ လာမယ့် နိုဝင်ဘာ ၂၄ ရက်၊ နောက် တနင်္ဂနွေနေ့ အစ်ဝစ်ချ်နဲ့ အဝေးကွင်း ပွဲ ဖြစ်လာပါမယ်။