အချက် ၂ချက် ရမယ်ဆိုရင် အသင်းပြောင်းလာမယ် လို့ မန်ယူနဲ့ အာဆင်နယ်ကို အချက်ပေးလိုက်တဲ့ ဂယော်ကီရက်စ်
စပို့တင်း ကြယ်ပွင့် ဗစ်တာ ဂယော်ကီရက်စ်က မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့အနေနဲ့ သူ့ကို ခေါ်ယူချင်နေတယ်ဆိုရင် ဘာလုပ်ရမလဲဆိုတာကို ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အမိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ဆွီဒင် လက်ရွေးစင်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးအတွက် ထိပ်တန်းပစ်မှတ်အဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အမိုရင်ဟာ ဂယော်ကီရက်စ်ကို ကိုဗင်ထရီ စီးတီးကနေ စပို့တင်းလစ္စဘွန်းကို ခေါ်ယူခဲ့တာဖြစ်ပြီး ဆွီဒင်တိုက်စစ်မှူးက ပေါ်တူဂီကလပ်အသင်းအတွက် ၆၈ ပွဲမှာ ၆၆ ဂိုးအထိ သွင်းယူနိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးကို ခေါ်ယူချင်နေကြပြီး စပို့တင်းလစ္စဘွန်းအသင်းကတော့ သူတို့တွေရဲ့ ကြယ်ပွင့်တိုက်စစ်မှူးကို ပေါင် ၆၃ သန်းနဲ့မှသာ ထွက်ခွာခွင့်ပြုသွားချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။
ဂယော်ကီရက်စ်ရဲ့ စာချုပ်လျော်ကြေးက အဲဒီပမာဏထက် အများကြီး ပိုမိုများပြားပြီး ဆွီဒင် တိုက်စစ်မှူးကို ခေါ်ယူချင်တဲ့အသင်းတွေအနေနဲ့ လာမယ့် နွေရာသီမတိုင်ခင်သာ ပေါင် ၆၃ သန်းလောက်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နည်းပြသစ် အမိုရင်က လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ သူ့ရဲ့ ဘယ် ကစားသမား ဟောင်းကိုမှ ခေါ်ယူမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုထားပြီးဖြစ်ပါတယ်။
ဂယော်ကီရက်စ်အနေနဲ့ စပို့တင်းလစ္စဘွန်းကို စွန့်ခွာချင်လားဆိုတဲ့အပေါ်မှာ အများကြီး မူတည်သလို တကယ်လို့ ထွက်ခွာချင်တယ်ဆိုရင် ဘယ်အသင်းကို ပိုမိုပြောင်းရွှေ့ချင်လဲဆိုတဲ့မေးခွန်းတွေ ရှိနေပြီး အရင်တုန်းကတော့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒမရှိတဲ့ပုံစံမျိုး ပြောဆိုခဲ့ဖူးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အမိုရင်က အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် နောက်ဆုံးအင်တာဗျူးမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေပုံပေါ်ပေမယ့် သူ အပြောင်းအရွှေ့လုပ်ဖို့အတွက် အခြေအနေတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။
အရေးကြီးတဲ့ အခန်းကဏ္ဍ ရရမယ်။ ပွဲလည်း ကစားရမယ်။ ဒါက အရေးအကြီးဆုံးအရာပါ။ တခြား ရှိရမယ့်အရာတွေလည်း ရှိပါတယ်။ ဒါပေမယ့် စောနကအချက်တွေ ရမယ်ဆိုရင် ကျွန်တော် လက်ခံမှာပါလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။