ဂရေးလစ်ချ်ကို မညှာဖို့ မှာနေတဲ့ ဂျရတ်၊ ရန်းနစ် မပါသေးတဲ့ အာဆင်နယ်ပွဲ၊ ရှုံးပွဲရပ်သွားတဲ့ ဂျူဗီနဲ့ နံနက်ခင်း သတင်းများ
အက်စ်တွန်ဗီလာအသင်းနည်းပြသစ် ဂျာရတ်ကတော့ ယခုအပတ် ရင်ဆိုင်ရမယ့် မန်စီးတီးအသင်းနဲ့ ပွဲစဉ်ကျရင် ပါဝင်လာနိုင်တဲ့ ဗီလာ ကစားသမားဟောင်း ဂရေးလစ်ချ်ကို ရန်သူအဖြစ် သဘောထား ကစားရန်လိုအပ်ကြောင်း အသင်းသားတွေအား သတိပေးပြောကြားထား ခဲ့ပါတယ်။
အာဆင်နယ်နဲ့ ပွဲမှာ မန်ယူနည်းပြသစ် ရန်းနစ် ကိုင်တွယ်နိုင်ဦးမှာ မဟုတ်ဘဲ မိုက်ကယ် ကားရစ်ပဲ ဆက်လက် တာဝန်ယူမှာ ဖြစ်ပါတယ်။
မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာကတော့ အက်စ်တွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ကျရင် ကွင်းလယ် တိုက်စစ် ကစားသမား ဂရေးလစ်ချ်အနေနဲ့ ကိုယ်တိုင်ဂိုးသွင်းနိုင်ဖို့အတွက် တကိုယ်ကောင်းဆန်ဆန် ကစားနိုင်ကြောင်း ခွင့်ပြုပြောဆိုသွားခဲ့ပါတယ်။

အဲဗာတန် အသင်းနည်းပြ ဘင်နီတက်ဇ်တစ်ယောက် ယခုတစ်ခေါက် လီဗာပူးလ်နဲ့ ကစားရမယ့် မာဆေးဆိုက် ဒါဘီ ပွဲစဉ်မှာသာ အရေးနိမ့်ခဲ့ပါက ၎င်းရဲ့ ရာထူးဆက်လက်တည်မြဲရေးအတွက် အာမခံချက် ရရှိတော့ဖွယ် မရှိကြောင်း သတင်းများအရသိရပါတယ်။
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ စလာနီတာနာ နဲ့ ပွဲစဉ်မှာတော့ ဂျူဗင်တပ်အသင်းက ဝ-၂ နဲ့ အနိုင်ယူခဲ့ပြီး နောက်ဆုံး ၂ပွဲဆက် ရှုံးနိမ့်နေမှု ကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နယူးကာဆယ် အသင်းနည်းပြ အက်ဒီ ဟိုဝီကတော့ နော့ဝှစ်ချ်အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပေမယ့် မကြာခင်အချိန်မှာတင် ၎င်းတို့ရဲ့ ၁၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်ပစ်တော့မှာ ဖြစ်ကြောင်း ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ရန်းနစ်ကို ရာသီကုန်အထိ အသင်းနည်းပြအဖြစ် ခန့်အပ်လိုက်ပေမယ့် အီတလီနည်းပြ မန်ချီနီကိုပါ နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ ဆက်သွယ်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ ယခုရာသီအကုန် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ၎င်းတို့ရဲ့ နောက်ခံလူ ခရစ်တီယန်ဆန်ကို စာချုပ်သစ် ထပ်မံချုပ်ဆိုနိုင်ဖို့ ကြိုတင်သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဘိုင်ယန်အသင်း တိုက်စစ်မှူး မူလာကတော့ ယခုတစ်ခေါက် ဘလွန်းဒီအော်ဆု ပိုင်ရှင် မက်ဆီထက် လီဝမ်ဒေါစကီး ကသာ ပိုမို သာလွန်ကောင်းမွန်ကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန် အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယခုရာသီ ဝုလ်ဗ်အသင်းနဲ့ အထူးခြေစွမ်းပြနေတဲ့ နောက်ခံကစားသမားလေး မက်စ် ကေးလ်မန်းကို အင်္ဂလန် အသင်းလူစာရင်းထဲ ထည့်သွင်းဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း သတင်းရရှိပါတယ်။
လက်စတာအသင်းနည်းပြ ရော်ဂျာကတော့ ၎င်းအနေနဲ့ ပွဲပန်းမှုဒဏ်ခံစားနေရတဲ့ တိုက်စစ်မှူး ဗာဒီကို လာမယ့် ပွဲစဉ်တွေမှာ အနားပေးသွားနိုင်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။