ယူနိုက်တက်ကို သူက အချိန်ကိုက် ရောက်လာတာ ဖြစ်ပြီး ယုံကြည်မှု အပြည့်နဲ့ ငယ်ရွယ်တဲ့သူ လို့ အေမိုရမ် ကြွေးကြော်
မန်ချက်စတာ ယူနိုက်တက်နည်းပြသစ်ရူဘင် အေမိုရမ်က ၎င်းမှာ ယူနိုက်တက်နည်းပြရာထူးအတွက် သင့်တော်သူဖြစ်ကြောင်း၊ ယုံကြည်မှုလည်း အပြည့်ရှိသူ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
အသက် ၃၉ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ အောက်တိုဘာလတုန်းက ထုတ်ပယ်ခြင်းခံရတဲ့ အဲရစ်တန်ဟက်နေရာတွင် ၂ နှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
အေမိုရမ်က “ကျွန်တော်က နည်းနည်းလောက် စိတ်ကူးယဉ်တတ်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း ယုံတယ်။ ကလပ်အပေါ်မှာလည်း ယုံတယ်။ ကျွန်တော်တို့ စိတ်ကူးစိတ်သန်းတူကြတယ်။ တူညီတဲ့ စိတ်ရှိတယ်။ ဒါက အကူအညီဖြစ်လာမှာပါ။ ကစားသမားတွေအပေါ်မှာလည်း အကြွင်းမဲ့ယုံတယ်။
ခင်ဗျားတို့ကတော့ သိပ်အများကြီးမယုံကြဘူး။ ဒါပေမဲ့ ကျုပ်ကတော့ ယုံတယ်။ အသစ်အသစ်တွေ လုပ်ချင်တယ်။ ခင်ဗျားတို့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။
ကျွန်တော်ကတော့ လုပ်မှာပဲ။ ကျုပ်ကို ငတုံးငအပဲ ပြောကြပါ။ ဒါပေမဲ့ ကျုပ်ကတော့ အချိန်ကိုက် ရောက်လာတဲ့သူလို့ ယုံကြည်တယ်။ ဒီရာထူးအတွက် သင့်တော်တဲ့သူလို့ ယုံကြည်တယ်။
ကျုပ်က ငယ်ရွယ်တယ်။ ကစားသမားတွေကို ကူညီဖို့ ကြိုးစားမယ်။ အခုအချိန်မှာ ဒီကလပ်အတွက် သင့်တော်တဲ့သူလို့ ယုံကြည်တယ်။ “လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး တနင်္ဂနွေနေ့တွင် အစ္စဝှစ်ချ်နှင့် ရင်ဆိုင်ကစားရပါမယ်။