လူကို ဦးစားပေးမလား မူကို ဦးစားပေးမလား ဆုံးဖြတ်ရမယ့် အမော်ရင်၊ အိုနာနာကြောင့်သာ အရှက်မကွဲတဲ့ သရေပွဲ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက အဝေးကွင်းမှာ အစ်ဆွစ်ချ် ကို ၁-၁ နဲ့ သရေကျသွားခဲ့ပါတယ်။

ပထမပိုင်း ၂ မိနစ်ကို အမော်ရင်ပုံစံနဲ့ကစားပြီး လက်ကျန် ၈၈ မိနစ်ကိုတော့ အဲရစ်တန်ဟက်တုန်းကလို ခြေစွမ်းမျိုးနဲ့ ကစားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဘ၀ အဖွင့်ပွဲမှာပဲ အမော်ရင် အဖြေထုတ်ရတော့မဲ့ ပုစ္ဆာတွေရှိလာပြီး အဓိက စဉ်းစားရမှာက လူကို ဦးစားပေးမလား ဒါမှမဟုတ် မူကို ဦးစားပေးမလား ဆိုတာပါပဲ။

အမော်ရင်ဟာ သူ အောင်မြင်ခဲ့တဲ့ ၃-၄-၃ မူအတိုင်း ယူနိုက်တက်မှာ ဆက်သွားရင် လာမဲ့ ပွဲကြပ်ကာလမှာ သေချာပေါက် မရှုနိုင်မကယ်နိုင်ဘဝရောက်သွားပါလိမ့်မယ်။

အခုပွဲမှာ Wing Backs တွေအဖြစ် ကစားတဲ့ ဒါလော့တ်၊ ဒီယာလိုတို့ဟာ အစပိုင်းမှာ ဟုတ်တော့မလိုလိုနဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ Form ပျက်သွားတာကိုလည်း တွေ့ရပါတယ်။

ဒီယာလိုဟာ အစောပိုင်းမိနစ်တွေမှာ ပုံစံကောင်းပြပြီး ဂိုးဖန်တီးမှုပြုလုပ်နိုင်ပေမဲ့ Wing Backs ဟာ သူနဲ့အဆင်ပြေနိုင်မဲ့နေရာ မဟုတ်ပါဘူး။

ဒီယာလို လိုမျိုး တောင်ပံတိုက်စစ် ကစားသမားစစ်စစ်ကို Wing Back ကစားခိုင်းတာက တိုက်စစ်လည်းမဟုတ်၊ ခံစစ်လည်းမဟုတ်ဘဲ သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို အပြည့်အ၀ မပြသနိုင်ခဲ့ပါဘူး။

နောက်ပြီး ဒီယာလိုဟာ ခံစစ်ကို ပြန်ဂရုစိုက်နေရတာကြောင့် တိုက်စစ်မှာ စိတ်ကြိုက်ကစားခွင့်မရဘဲ သူ ရှေ့တက်သွားလို့ Counter ပြန်ပေါက်တာနဲ့ ယူနိုက်တက်တောင်ပံတစ်ကြောလုံးက တစ်ဧကလောက်ရှိတဲ့ နေရာလွတ်ဖြစ်ခဲ့ပါတယ်။

အမော်ရင်အတွက် အကြီးမားဆုံး ပြဿနာက သူ့ကစားကွက်မှာ အရေးပါဆုံးနေရာဖြစ်တဲ့ Wing Backs အတွက် အမော်ရင် လိုချင်သလို ကစားပေးနိုင်တဲ့ နောက်ခံလူမျိုး ယူနိုက်တက်မှာ လုံးဝမရှိပါဘူး။

မက်ဇ်ယောင်အီ၊ ဒါလော့တ်၊ လုခ်ရှောတို့ဟာ Four Backs အဖြစ်သာ ကစားနိုင်တဲ့ Traditional Full Backs စစ်စစ်တွေဖြစ်ပါတယ်။

ဒတ်ချ်နာမည်ကျော်နည်းပြကြီး ဗန်ဟားလ်တုန်းကလည်း စစချင်း 3 Backs နဲ့ စမ်းသပ်ကစားခဲ့ဖူးပြီး အဲဒီအချိန်မှာလည်း ဗန်ဟားလ် ဒုက္ခရောက်ခဲ့ပါတယ်။

အခုပွဲမှာ အမော်ရင်က ဘရူနိုဖာနန်ဒက်စ်ကို Right No 10 Role အဖြစ် အသုံးပြုခဲ့ပေမဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ အကောင်းဆုံးနေရာက အဲဒီနေရာ မဟုတ်တာကို အရင်ပွဲတွေတုန်းကတည်းက ပရိသတ်တွေ မြင်တွေ့ခဲ့ပြီးဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ကွင်းလယ်နဲ့ ခံစစ်ကစားဟန်က အဲရစ်တန်ဟက်တုန်းကလိုပဲ ဘယ်လို System မှ မရှိဘဲ လူနောက်ကို စုပြုံလိုက်နေတာပဲ များပါတယ်။

အစ်ဆွစ်ချ်တိုက်စစ်မှူး လီယန်ဒီလက်ပ်ရဲ့ သေချာပေါက်ဂိုးဝင်ရမဲ့ အခွင့်အရေး ၂ ကြိမ်ကို အိုနာနာ လက်စွမ်းပြကာကွယ်နိုင်လို့သာ ပွဲဦးထွက်မှာ အမော်ရင် အရှက်တကွဲမဖြစ်ခဲ့တာပါ။

အမော်ရင်အနေနဲ့ လာမဲ့ပွဲတွေမှာ သူ့မူအတိုင်း ၃-၄-၃ ကိုပဲ ဆက်သွားမလား ဒါမှမဟုတ် ကစားသမားတွေနဲ့ ကိုက်ညီတဲ့ ကစားကွက်ကို ပြောင်းလဲမလားဆိုတာ အဖြေရှာရတော့မှာပါ။