ထိပ်တန်း ကစားသမား ဖြစ်ချင်ရင် အခုပုံတိုင်းတော့ မရကြောင်း ရက်ဖို့ဒ်ကို ပေါ်တင်ပြောလာတဲ့ အေမိုရမ်
မန်ချက်စတာ ယူနိုက်တက် နည်းပြရူဘင်အေမိုရမ်က မားကပ်စ်ရက်ဖို့ဒ်အနေဖြင့် ထိပ်တန်းအဆင့်သို့ ပြန်လည် ရောက်ရှိလိုကြောင်း ပြသရန် တိုက်တွန်းပြောကြားလာပါတယ်။
ယူနိုက်တက်တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့တုန်းက အစ္စဝှစ်ချ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲတွင် အေမိုရမ်လက်ထက် ပထမဆုံး ဂိုးအား သွင်းယူခဲ့ပါတယ်။
ရက်ဖို့ဒ်ဟာ အဲရစ်တန်ဟက်လက်ထက် ပထမဆုံးရာသီမှာ ကစားသမားဘဝအကောင်းဆုံးရာသီအဖြစ် ဂိုး ၃၀ အထိသွင်းနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၁၈ လုံး အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်လာရသူလည်း ဖြစ်ပါတယ်။
ရက်ဖို့ဒ်ဟာ အစ္စဝှစ်ချ်နှင့်ပွဲတွင် သူ့စိတ်ကြိုက်နေရာမဟုတ်တဲ့ ကျောနံပါတ် ၉ နေရာမှာ ကစားခဲ့ရတာ ဖြစ်ပြီး ဆက်လက်ရုန်းကန်ခဲ့ရပါတယ်။
ရူဘင်အေမိုရမ်က မားကပ်စ်ရက်ဖို့ဒ်ကို အကောင်းဆုံးပုံစံ ပြန်လည် ရရှိလာအောင် ကူညီသွားမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။ ဒါပေမဲ့ ပေါ်တူဂီလူမျိုးနည်းပြက အသက် ၂၇ နှစ်ရှိ ကစားသမားဘက်က အကောင်းဆုံးပုံစံ ပြန်ရလိုကြောင်း ဦးစွာပြသဖို့ လိုကြောင်း ပြောကြားလာပါတယ်။

အေမိုရမ်က “သူ့အတွက် နည်းလမ်းရှာသွားပါမယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက သူ့ဘက်က မားကပ်စ်ဖြစ်နေဖို့ လိုတယ်။ သူ့ဘက်က ဦးစွာပြသရမယ်။ အဲဒီနောက်မှာမှ သူ့ဟာ နည်းပြအဖွဲ့၊ ကလပ်နဲ့ ပရိသတ်တွေရဲ့ အကူအညီရလာပါမယ်။ သူက မန်ချက်စတာယူနိုက်တက်ကောင်လေးပါ။ ဒါပေမဲ့ ဒါကို လိုချင်ကြောင်း ပထမဆုံးပြသရမဲ့ သူလည်း ဖြစ်တယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်ဂိုး ၁၃ ဂိုးတည်းသာ သွင်းထားနိုင်ပြီး အဲဗာတန်၊ ပဲလေ့စ်၊ ဆောက်သမ်တန်တို့သာ သူတို့ထက် သွင်းဂိုးနည်းပါတယ်။ အလီဂျန်ဒရိုဂါနာချိုက ၃ ဂိုးဖြင့် ယူနိုက်တက်ရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေပါတယ်။
အေမိုရမ်ဟာ ယူနိုက်တက်ပထမဆုံးအိမ်ကွင်းပွဲအဖြစ် ယနေ့ညမှာ ဘိုဒို/ဂလမ့်နှင့် ယူရိုပါလိဂ်ပွဲကစားရပါမယ်။