အဲဗာတန်ကို ၄ဂိုးပြတ်နဲ့ နိုင်ပေမယ့် ယူနိုက်တက် ကစားတာ ကျေနပ်မှု မရှိတဲ့ နည်းပြ အမ်မိုရင်းရဲ့ ပွဲပြီးစကား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်း ဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ပထဆုံး နိုင်ပွဲ အဖြစ် မနေ့ညက အိုးထရက်ဖို့ဒ်မှာ အဲဗာတန် ကို ၄-ဝ နဲ့ ဂိုးပြတ် ရလဒ် ပုံဖော်နိုင်ခဲ့ပေမယ့် စိတ်တိုင်းကျ ကျေနပ်ဟန် မရှိပါဘူး။

ယူနိုက်တက် ကစားပုံက အတက်အကျ များလွန်းပြီး မတည်ငြိမ်သေးဘူးလို့ အမ်မိုရင်းက သုံးသပ်ကာ နိုင်ပွဲ ရလဒ်ထက် စွမ်းဆောင်ရည်ပိုင်းကိုလည်း ဂရုစိုက် ပြင်ဆင်ရဦးမယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

” ပွဲရလဒ်က ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲထဲမှာ ကြည့်ကျက် လှုပ်ရှားခဲ့ရတာမျိုးပါ။ သိပ်တော့ ကြည့်လို့ကောင်းမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုယ့် အလုပ်ကိုယ်လုပ်ပြီး နိုင်ပွဲ ယူနိုင်ခဲ့တယ်။

သွားရမယ့် ခရီးက အရှည်ကြီးလို့လည်း ခံစားမိတယ်။ ပထမ အစောပိုင်း မိနစ်အချို့မှာ ခင်ဗျားတို့ ဒါကို အာရုံရကြပါလိမ့်မယ်။ ကျွန်တော်တို့ ကစားတာ အိုကေတယ်၊ နောက်တော့ အဲဗာတန်က ပွဲကို ထိန်းချုပ်သွားတယ်။ နောက် အချိန်ကိုက်လောက်မှာ ကျွန်တော်တို့ ဂိုးတွေ သွင်းပြီး ပွဲကို ပြောင်းလဲနိုင်လိုက်တာ။

ပွဲရလဒ်ကိုချည်း အာရုံစိုက်လို့ မရဘူး။ ပွဲရလဒ်ကို ပုံဖော်ခဲ့တဲ့ ပုံစံကိုလည်း ကျွန်တော်တို့ ဂရုစိုက်ရပါမယ်။ ဒါပေမယ့် နိုင်ပွဲတွေနဲ့ ရှေ့ဆက် အလုပ်လုပ်ရတာတော့ ပိုကောင်းတာပေါ့ဗျာ။ ပွဲရလဒ်ထက် စွမ်းဆောင်ရည်ကိုလည်း အာရုံစိုက်ကြရအောင်ပါ။

စွမ်းဆောင်ရည်ပိုင်းက ရိုလာကိုစတာလို ဖြစ်နေတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိသလို ခံစားသွားရလောက်တဲ့ အခြေအနေတွေ ရှိခဲ့တယ်။ ကျွန်တော်တို့ အချိန်ယူ လေ့ကျင့်ပြီး တိုးတက်အောင် လုပ်ရမှာပါ။ ” လို့ အမ်မိုရင်းက ပြောဆိုခဲ့ပါတယ်။