အာဆင်နယ်မှ ပြောင်းလာပြီးနောက် ယူနိုက်တက်နဲ့ ဂိုးသွင်းစံချိန်သစ် ရေးထိုးတဲ့ အိုဘီမာတင်

အာဆင်နယ် ကြယ်ပွင့်ဟောင်း ပါရမီရှင် လူငယ်လေး ချီဒို အိုဘီမာတင်ဟာ ယူနိုက်တက်ယူ-၁၈ နှင့်အတူ သမိုင်းသစ်ရေးထိုးကာ ပြီးပြည့်စုံတဲ့ရာသီအစအား ပိုင်ဆိုင်နေပါတယ်။

အသက် ၁၇ နှစ်ရှိ ပါရမီရှင်တိုက်စစ်မှူးဟာ အာဆင်နယ်လူငယ်အသင်းအတွက် ပွဲ ၂၀ ကစားရာမှာ ၃၂ ဂိုးသွင်းပြီး စံချိန်သစ် ရေးထိုးပြီးနောက် နွေတုန်းကမှ အာဆင်နယ်အကယ်ဒမီမှ ယူနိုက်တက်အကယ်ဒမီသို့ ရောက်လာသူ ဖြစ်ပါတယ်။

သူဟာ စက်တင်ဘာလတွင် မြောက်လန်ဒန်မှ မန်ချက်စတာသို့ ပြောင်းလာပြီးနောက် ဂိုးသွင်းစံချိန်သစ် ဆက်လက်ရေးထိုးနေပါတယ်။

သူဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက ယူနိုက်တက်နှင့် ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်လည်း ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ယင်းနောက်မှာတော့ သူဟာ ပရီးမီးယားလိဂ်ယူ-၁၈ သမိုင်းမှာ ဘယ်ကစားသမားမှ မရေးထိုးနိုင်ခဲ့တဲ့ ဂိုးသွင်းစံချိန်အား ရေးထိုးလာပါတယ်။

သူဟာ စနေနေ့တုန်းက စတုတ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲရဲ့ ၇၁ မိနစ်မှာ အဖွင့်ဂိုးသွင်းပြီးနောက် ဂိုးသွင်းစံချိန်သစ်တင်လာတာပါ။

သူဟာ ယင်းဂိုးကြောင့် ယူနိုက်တက်အတွက် သွင်းဂိုး ၅ ဂိုးရှိလာပြီး စုစုပေါင်း သွင်းဂိုး ၃၇ ဂိုးရှိလာပါတယ်။

ယခင်တုန်းက ပရီးမီးယားလိဂ်ယူ-၁၈ တွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ကိုဗင်ထရီရဲ့ အယ်လစ်ဆမ်က ၃၆ ဂိုးဖြင့် ရပ်တည်နေတာပါ။

မာတင်ဟာ ယခုရာသီမှာ ယူနိုက်တက်အတွက် ပထမဆုံးကစားတဲ့ပွဲမှာ ၁၁ စက္ကန့်အကြာမှပင် ပထမဆုံးဂိုးသွင်းပြီးနောက် ၁၄ မိနစ်အတွင်း ဟက်ထရစ်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။