မန်ယူ အသင်းသား တစ်ဦးကြောင့် ယခင်နည်းပြ နစ္စတယ်ရွိုင်းကို ကျေးဇူးတွေ တင်နေတဲ့ အေမိုရမ်
ယူနိုက်တ်က နည်းပြ ရူဘင်အေမိုရမ်ဟာ အာမက်ဒီရယ်လိုရဲ့ ခြေစွမ်းပိုင်းတောက်ပနေမှုအတွက် နည်းပြဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်းကို ကျေးဇူးတင်ကြောင်း ပြောကြားလာပါတယ်။
ဒါပေမဲ့ ပေါ်တူဂီလူမျိုးနည်းပြက အိုင်ဗရီကို့စ်တောင်ပံကစားသမားအနေဖြင့် ယူနိုက်တက်ရဲ့ အဓိကကစားသမား ဖြစ်လိုပါက ခြေစွမ်းပိုင်း တိုးတက်လာရဦးမည်ဖြစ်ကြောင်း သတိပေးလာပါတယ်။
အဲရစ်တန်ဟက်လက်ထက်တုန်းက နေရာမရခဲ့တဲ့ အာမက်ဒီရယ်လိုဟာ မနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် အဲဗာတန်အား ၄-၀ ဂိုးဖြင့် အနိုင်ရရှိကာ အေမိုရမ်လက်ထက် ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲ ရရှိအောင် ၂ ကြိမ်ဖန်တီးပြီး ကူညီခဲ့ပါတယ်။

အေမိုရမ်ဟာ ပရီးမီးယားလိဂ်ပွဲ ၃ ပွဲဆက် ပွဲထွက်ကစားခွင့်ရရှိလာတာ ဖြစ်ပြီး ၃ ပွဲလုံး ဖန်တီးနိုင်မှု ပြုလုပ်ကာ ၄ ကြိမ် ဖန်တီးထားနိုင်ပါတယ်။
အေမိုရမ်က “သူ့မှာ ပါရမီအကြီးကြီး ရှိပြီးသားပါ။ ဒါပေမဲ့ လူကောင်သေးနေတယ်။ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပိုကောင်းအောင် လုပ်ရဦးမယ်။ သူတို့ ထပ်ပြီးတော့ ကောင်းပြခဲ့တယ်။ ရုဒ်ဗန်နစ္စတယ်ရွိုင်းဟာ သူ ကြီးကြပ်နေစဉ်အတွင်း ပွဲတွေမှာ အများကြီး ကူညီခဲ့တယ်။
အခု ကျွန်တော့်ကိုလည်း ကူညီနေတုန်းပါ။ သူဟာ ကြီးကျယ်တဲ့အခိုက်အတန့် ပိုင်ဆိုင်နေတယ်။ ဒါက ရုဒ်ရဲ့ အာမက်နဲ့ အလုပ်လုပ်ခဲ့တဲ့ အကျိုးကျေးဇူးတွေပါ။ သူဟာ ခံစစ်မှာလည်း အရမ်းကောင်းလာတယ်။ တိုက်စစ်ပိုင်းမှာလည်း အကောင်းဆုံးကစားနေတုန်းပါ။
အာမက်ဟာ ခန္ဓာကိုယ်ကို အများကြီးရင်းခဲ့ရလို့ ပွဲပြီးတဲ့အခါ ပွဲပန်းနေတယ်လို့ ခံစားရတယ်။ ဒါကလည်း သူ့ရဲ့ Pressing ကြောင့်ပါ။ သူက အဲဒီလိုပါ။ ပါးနပ်တယ်။ ပေါက်ကွဲတယ်”လို့ ပြောကြားသွားပါတယ်။
လက်ရှိအချိန်တွင် အကောင်းဆုံးပုံစံ ရရှိနေတဲ့ အာမက်ဒီရယ်လိုဟာ ဗုဒ္ဓဟူးနေ့မှာ ဒုတိယနေရာမှ အာဆင်နယ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမဲ့ ပွဲမှာလည်း ယူနိုက်တက်ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။