ယူနိုက်တက်ရဲ့ ရှုံးပွဲမရှိ ကာလ ရပ်တန့်သွားနိုင်တဲ့ မုန်တိုင်းလာနေပြီ လို့ ရူဘင်အေမိုရမ် သတိ-ပေးစကား ဆို

ရူဘင်အေမိုရမ် က သူ့ရဲ့ ယူနိုက်တက် နည်းပြဘဝ ရှုံးပွဲ မရှိသေးပေမဲ့လည်း မုန်တိုင်းရောက်လာမယ်လို့ သတိပေးပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်တွင် အဲဗာတန်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် လာမယ့် ဒီဇင်ဘာလအကုန်အထိ ၉ ပွဲကစားရပါမယ်။

၎င်းတို့ဟာ ယနေ့ညမှာ အမ်းမရိတ်ကွင်းသို့ သွားရောက်ကာ အာဆင်နယ်ကို ရင်ဆိုင်ရမှာ ဖြစ်ပြီး အေမိုရမ်က သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားလာပါတယ်။

ယူနိုက်တက်ဟာ ယခုနှစ်အကုန်အထိ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်နှင့် ခါရာဘောင်ဖလားတို့တွင် အရေးပါတဲ့အဆုံးအဖြတ်ပွဲများအဖြစ် မန်စီးတီး၊ စပါးစ်တို့ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရပါမယ်။

ယူနိုက်တက်ဟာ အဲရစ်တန်ဟက်ကို ထုတ်ပယ်လိုက်ပြီးနောက် ၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရရှိထားပြီး ယာယီနည်းပြရုဒ်ဗန်နစ္စတယ်ရွိုင်းလက်ထက်တွင် ၄ ပွဲနှင့် နည်းပြသစ်အေမိုရမ်လက်ထက်တွင် ၃ ပွဲ ရရှိထားတာပါ။

အေမိုရမ်က “ခက်ခဲတဲ့ကာလတွေကို ရောက်လာပါတော့မယ်။ ပွဲတစ်ချို့ ကစားရပါမယ်။ ကျွန်တော်လည်း သိတယ်။ ယူနိုက်တက်နည်းပြလုပ်ရတာ အရမ်းခက်တာ သိပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ပြောရတာလည်း ခက်တယ်။

ဘယ်လို့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ပွဲတိုင်း အနိုင်လိုချင်တယ်။ ဒါပေမဲ့ ကျွန်တော်က အာဆင်နယ်နဲ့ နှိုင်းယှဉ်ရင် မတူညီတဲ့အနေအထားမှာ ရှိတယ်။ ကွဲပြားတာတွေ ရှိတယ်လို့ ပြောချင်တယ်။ ဒါပေမဲ့ ကျွန်တော် ထပ်ပြောပါမယ်။ မုန်တိုင်း ရောက်လာပါမယ်”လို့ ပြောကြားသွားပါတယ်။

တဖက်တွင် အာဆင်နယ်မှာလည်း နိုဝင်ဘာလ ပထမ ၃ ပွဲ နိုင်ပွဲပျောက်ခဲ့ပေမဲ့ နောက်ဆုံး ၂ ပွဲတွင် ၁၀ ဂိုးအထိ သွင်းကာ အကောင်းဆုံးပုံစံ ရရှိနေပါတယ်။

အာဆင်နယ်ဟာ အေမိုရမ်ရဲ့အသင်းဟောင်း စပို့တင်းကို ၅-၁ ဖြင့် အနိုင်ရရှိပြီးနောက် စနေနေ့တွင် ဝက်စ်ဟမ်းကို ၅-၂ ဖြင့် အဝေးကွင်းမှာ အသီးသီး အနိုင်ယူထားပါတယ်။

အေမိုရမ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက စပို့တင်းလစ္စဘွန်းနှင့် အာတီတာရဲ့ အာဆင်နယ်နှင့် ယူရိုပါလိဂ်တွင် ရင်ဆိုင်ဖူးပြီး ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရကာ ကွာတားသို့ တက်ခဲ့ဖူးပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာ အာဆင်နယ်ကို ထိပ်တန်းအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်လာခဲ့တဲ့ အာတီတာကို ချီးကျူးစကားလည်း ဆိုသွားပါတယ်။