ဆောအတွက် တူချယ် ဆင်ခြေ၊ ကိုင်ဟာဗက်၊ ကံကောင်းလို့ နိုင်တာလို့ ဝန်ခံမှုနဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ
ချဲလ်ဆီးအသင်းသားတွေဟာ ဝက်ဖို့ဒ်နဲ့ ပွဲမှာ ပုံစံကောင်းတွေ ပျောက်နေပြီး ကံကောင်းလို့သာ နိုင်ပွဲရခဲ့တာ ဖြစ်ကြောင်း နည်းပြ တူချယ်က ဝန်ခံခဲ့ပါတယ်။
ထိုပွဲမှာ ကွင်းလယ်လူ ဆောနီဂွတ်ဇ်ကို ပထမပိုင်းအပြီးမှာပဲ လူစားလဲခဲ့ခြင်းနဲ့ ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ တူချယ်က သူ့အနေနဲ့ နည်းစနစ်ပိုင်းကြောင့် လူစားလဲခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပြီး ဆောနီဂွတ်ဇ်ကိုယ်တိုင်က အဝါကတ် ထိထားခဲ့ကြောင်း ဖြေရှင်းခဲ့ပါတယ်။

လီဗာပူးနဲ့ ချဲလ်ဆီးအသင်း တို့ဟာ ဘာစီလိုနာနောက်ခံလူ အာရူဂျိုကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက် ရှိနေကြပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ဘာစီနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိနေတာ့ပြီး အသင်း ပြောင်းလိုနေပါတယ်။
ဘရိုက်တန်နောက်ခံလူ လန်တေးက သူ့အနေနဲ့ ကစားသမားဘ၀ နောက်တစ်ဆင့် တက်လှမ်းဖို့လိုနေပြီလို့ ခံစားရတာကြောင့် ချဲလ်ဆီးကနေ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ ချဲလ်ဆီးမှာတုန်းက သူ့ကို ရီစီဂျိမ်းစ်က များစွာကူညီခဲ့ပြီး အကြံကောင်းတွေပေးခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်က ဝက်ဖို့ဒ်နဲ့ပွဲမှာ သူလိုချင်တဲ့ ပုံစံမျိုး ရောက်ရှိခဲ့တဲ့ ကစားသမားဆိုလို့ တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်တစ်ဦးတည်းသာရှိကြောင်း၊ ဟာဗက်ဇ်ဟာ အဆိုပါပွဲမှာ ကစားပုံ အလွန်ကောင်းမွန်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ရိုးမားမှာ ကစားလျက်ရှိနေတဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း အေဘရာဟမ် က သူ့အနေနဲ့ ပထမဆုံး စတင် ရောက်ရှိ တည်းက ရိုးမားကို နှစ်သက်မှုရှိကြောင်း၊ ရိုးမားဟာ အိမ်လိုခံစားနေရပြီဖြစ်ကြောင်း၊ ပရိသတ်တွေရှေ့မာ ဂိုးသွင်း ရတာလောက် နှစ်လိုဖွယ်ကောင်းတာ မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဝက်ဖို့ဒ်နဲ့ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ ခံစစ်သမား ချာလိုဘတ် အခြေအနေကို နည်းပြ တူချယ်က စိတ်ပူနေပြီး နောက်ပွဲ အမှီ ပြန် မလာနိုင်မှာကိုလည်း စိုးရိမ်နေပါတယ်။
ဝက်စ်ဟမ်း ကစားသမားဟောင်း တိုနီကော့တီက ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီလန်ရိုက်အနေနဲ့ တကယ်လို့ ဝက်စ်ဟမ်း ကနေ ထွက်ခွာဖြစ်ခဲ့ရင် မန်ယူအစား ချဲလ်ဆီးကိုသာ ပြောင်းရွှေ့မှာဖြစ်ကြောင်း၊ ဒီလန်ရိုက်ဟာ သူ့ရဲ့ငယ်ဘ၀ ကို ချဲလ်ဆီးမှာ ဖြတ်သန်းခဲ့တာဖြစ်ပြီး လက်ရှိအသင်းမှာ သူ့ သူငယ်ချင်းတွေရှိနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးနောက်ခံလူ ရူဒီဂါအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ဆန္ဒမရှိဖြစ်နေကြောင်း သိရပြီး သူ့ကိုခေါ်ယူနိုင်ဖို့ အတွက် လာလီဂါထိပ်သီးကလပ် ရီးရဲက ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ချဲလ်ဆီးဟာ ရူဒီဂါကို တစ်နှစ်လုပ်ခ ယူရို ၈ သန်း နဲ့ နောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းခဲ့ပေမဲ့ အငြင်းခံခဲ့ရပါတယ်။