ရက်ရှ်ဖို့ဒ် ကို အပြောများနေကြပေမယ့် သူက တစ်သင်းလုံးကို အာရုံစိုက်ရမှာ ဆိုတဲ့ အမိုရင်းရဲ့ ဖြေရှင်းစကား

ယူနိုက်တက် နည်းပြ ရူဘင် အမိုရင်က ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် အနေနဲ့ အသင်းပရိသတ်တွေကို ပြန် အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်သား တစ်ယောက်တည်းထက် ယူနိုက်တက် တစ်သင်းလုံး အပေါ်မှာ သူ အာရုံစိုက်လိုကြောင်းလည်း အမိုရင်က ဆိုပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အာဆင်နယ်နဲ့ ပွဲအပြီးမှာ အခြားအသင်းဖော်တွေက ပရိသတ်တွေ အတွက် မတ်တပ်ရပ်ပြီး လက်ခုပ်တီးပေးနေချိန် သူက နောက်လှည့်ပြီး ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး သောကြာနေ့မှာ မေးခွန်းထုတ်ခံခဲ့ရပြီးနောက် အမိုရင်က ယူနိုက်တက်ကစားသမားတွေအားလုံး ပရိသတ်တွေကို လေးစားမှု ပြသဖို့အတွက် အချိန်ပေးသင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဟုတ်တာပေါ့။ ကျွန်တော်တို့ အဲဒါကို လုပ်ရမယ်။ အထူးသဖြင့် ကျွန်တော်တို့ ရှုံးနိမ့်တဲ့အချိန်မှာပေါ့။ ကျွန်တော်တို့ အနိုင်ရတဲ့အချိန်မှာမဟုတ်ပါဘူး။ ရှုံးနိမ့်တဲ့အချိန်မှာပါ။ ကျွန်တော်တို့ ပရိသတ်တွေကို လေးစားမှု ပြသသွားရမယ်။ အားလုံး အဲဒါကို လုပ်ရမယ်။ အဲဒီလိုပဲ ဖြစ်ရမှာပါ။”

အမိုရင်ကို မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ မန်ချက်စတာယူနိုက်တက်အတွက် စွမ်းဆောင်ရည် မတည်ငြိမ်မှုအတွက် အဲရစ် တန်ဟက် စိတ်ပျက်ခဲ့တဲ့အတိုင်း ဖြစ်မိလား လို့ မေးမြန်းခဲ့ရာမှာ

“ကျွန်တော်ကတော့ အသင်းတစ်သင်းလုံးအပေါ်မှာပဲ အာရုံပိုစိုက်ချင်ပါတယ်။ ကျွန်တော်တို့ တိုးတက်အောင် လုပ်စရာအများကြီးရှိတယ်။ မားကပ်စ် တစ်ယောက်တည်းမဟုတ်ပါဘူး။ အသင်းတစ်သင်းလုံးက ပွဲရှုထောင့်အားလုံးမှာ တိုးတက်လာနိုင်ပါတယ်။

ကျွန်တော် အရင်က ပြောဖူးသလိုပဲ ကျွန်တော်တို့ နောက်ပြန်ပြေးတဲ့ပုံစုံ၊ ရှေ့ကို ပြေးတဲ့ပုံစံ၊ ကျွန်တော်တို့ တိုက်ပွဲဝင်တဲ့ပုံစံက အဓိကလို့ ထင်တယ်။ အဲဒါက ကျွန်တော်တို့ အသင်းနဲ့ပတ်သက်ပြီး အရမ်းကို ရှင်းလင်းနေရမယ့်အရာတစ်ခုပါ။ ဒါက ကျွန်တော်တို့ အရင်ဆုံးဖြေရှင်းရမယ့်ကိစ္စပါ။

ပြီးရင်တော့ နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာပိုင်းက နောက်ကနေ လာမှာပါ။ အဲဒီတော့ မားကပ်စ် တစ်ယောက်တည်းကို လုပ်ရမှာမဟုတ်ပါဘူး။ အားလုံးက အဲဒီနေရာတွေမှာ တိုးတက်လာရမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။