အိုနာနာရဲ့ ကြောင်ကွက်၊ တလွဲပိုဖြစ်လာတဲ့ ခံစစ်၊ အမော်ရင် လူထုတ်ပုံ အမှားတွေနဲ့ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက် အရှုံးနဲ့ ရင်ဆိုင်ရတဲ့ပွဲ

အမော်ရင်ရဲ့ ယူနိုက်တက် နည်းပြဘဝကတော့ သိပ်ကြာကြာတောင် သာယာခွင့် မရလိုက်ပါဘူး။ မနေ့ညက နော်တင်ဟမ် ဖောရက်စ်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရာ ယူနိုက်တက်က ၂-၃ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီရာသီစကတည်းက တောက်လျှောက်လက်စွမ်းပြနေတဲ့ အိုနာနာက သူ့ကို အရမ်းချီးကျူးတာမျိုး မလိုချင်တဲ့အတွက် အခုပွဲမှာ အူကြောင်ကြောင် အမှားထလုပ်ခဲ့ပါတယ်။

ယူနိုက်တက်ခံစစ်ကြောင်းကလည်း စိတ်ပျက်စရာကောင်းလွန်းပြီး အထူးသဖြင့် လီဆန်ဒရိုမာတီနက်ဇ်ဟာ သူ့ဆရာ အဲရစ်တန်ဟက် မရှိတော့ကတည်းက ဆိုးဆိုးရွားရွား ခြေစွမ်းကျသွားပါတယ်။

နောက်ထပ် အပြစ်တင်ရမှာက အမော်ရင်ရဲ့ နည်းဗျူဟာပိုင်းနဲ့ လူထုတ်ပုံပါပဲ။ ကိုဘီမင်နူး+အူဂါတေတို့ နှစ်ဦးတွဲကြောင့် နော်တင်ဟမ်ဖော်ရက်စ်က နေရာလွတ်တွေ ပိုရသွားစေပါတယ်။

နော်တင်ဟမ်ဖော်ရက်စ်အတွက် အဖွင့်ဂိုးကို ပွဲအစ ၉၁ စက္ကန့်မှာပဲ ထောင့်ကန်ဘောကနေ မီလင်ကိုဗစ်က ခေါင်းတိုက်သွင်းခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ထောင့်ကန်ဘောကနေ ယူနိုက်တက်တို့ ဂိုးပေးခဲ့ရတာက ၇ ဂိုးအထိရှိလာပါပြီ။

၁၈ မိနစ်မှာ ဟွိုင်လန်းက ချေပဂိုး ပြန်သွင်းပေမဲ့ ဒုတိယပိုင်းစစချင်းမှာပဲ မော်ဂန်ဂစ်ဘ်ဝှိုက်ရဲ့ကန်ချက်ကို အိုနာနာက ကြောင်တောင်တောင်ပုံစံနဲ့ အမှားလုပ်ခဲ့တာကြောင့် ဂိုးပေးခဲ့ရပါတယ်။

၅၄ မိနစ်မှာလည်း ခရစ္စဝုဒ်က ခေါင်းတိုက်သွင်းခဲ့ပြီး ဒီဂိုးမှာ အိုနာနာနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ မင်းဘာလုပ်မလဲ၊ ငါဘာလုပ်မလဲ ကြည့်နေရင်းနဲ့ ဘောလုံးက ဂိုးပိုက်ထဲရောက်သွားခဲ့တာဖြစ်ပါတယ်။

၆၁ မိနစ်မှာ ဒီယာလို ပေးတာကနေ ဘရူနိုဖာနန်ဒက်စ်က ဒုတိယ ချေပဂိုးသွင်းခဲ့လို့ ယူနိုက်တက်အသင်း တတိယချေပဂိုးရဖို့ မျှော်လင့်ချက် ပိုအားကောင်းလာပေမဲ့ အမော်ရင်ဟာ ဘယ်လိုမှ စဉ်းစားလို့ မရလောက်အောင် ဘရူနိုဖာနန်ဒက်စ်ကို ထုတ်ပြီးတော့ ၁ နှစ်လုံးမှ ၁ ဂိုးသာ သွင်းနိုင်တဲ့ ပေါင်သန်း ၆၀ တန် ဂျင်းကောင်ကြီး မေဆင်မောင့်နဲ့ လူစားလဲခဲ့ပါတယ်။

အမော်ရင် ပုံစံကြည့်ရတာ ၃-၄-၃ ကလွဲရင် တခြားကစားကွက်တွေ အပြောင်းအလဲလုပ်ပြီး မသုံးတတ်တာလားတော့ မသိဘဲ ဘရူနိုဖာနန်ဒက်စ်ကို No 10 Role ပြန်ပို့ရမဲ့အစား လူစားပါလဲပစ်လိုက်ပါတယ်။

အဲဒါကြောင့်ပဲ ကွင်းထဲမှာ ယူနိုက်တက် ကစားသမားတွေကို မောင်းနှင်ပေးမယ့်သူ မရှိတော့ဘဲ တစ်ယောက်တစ်ပေါက် ကစားရင်း ၃-၂ ဂိုးရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။