ဒီလို အခြေနေဆိုးတာမျိုး စပို့တင်းမှာလည်း ကြုံဖူးလို့ စိတ်မပူကြဖို့ အားပေးခဲ့တဲ့ နည်းပြ အေမိုရမ်
နည်းပြ ရူဘင်အေမိုရမ်ဟာ အိမ်ကွင်းတွင် နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ရဲ့ အရည်အသွေးပိုင်း အားနည်းမှုအပေါ် ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ပွဲအစ ၂ မိနစ်တွင် လီဆန်ဒရို မာတီနက်ဇ်ရဲ့ လူကပ်မှုအားနည်းချက်မှ တဆင့် ပထမဂိုးပေးခဲ့ရပါတယ်။
ယင်းဂိုးကို ဟွိုင်းလန်းက ချေပခဲ့ပေမဲ့လည်း ဒုတိယပိုင်းအစ ၂ မိနစ်တွင် အိုနာနာရဲ့ အမှားမှ တဆင့် ဒုတိယဂိုးပေးခဲ့ရပါတယ်။ ယင်းနောက် ခရစ်ဝုဒ်က ခေါင်းတိုက်က ဖောရက်စ်အတွက် တတိယဂိုးသွင်းသွားခဲ့ပါတယ်။ ယူနိုက်တက် အတွက် ဒုတိယချေပဂိုးကို ဖာနန်ဒက်စ်က သွင်းခဲ့ပေမဲ့ ၃-၂ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
အေမိုရမ်ဟာ ယူနိုက်တက်အား ကိုင်တွယ်တဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲ ၄ ပွဲတွင် ၁ ပွဲတည်းသာ နိုင်ပွဲ ရယူထားနိုင်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အပြီးတွင် ရမှတ် ၁၉ မှတ်သာ ရယူထားနိုင်ပြီး ၁၉၈၆-၈၇ ရာသီနောက်ပိုင်း ရာသီအစ ရမှတ် အနည်းဆုံးရာသီမှတ်တမ်းကို လိုက်မီလာပါတယ်။

အေမိုရမ်က “ခက်ခဲတဲ့ပွဲပါ။ တာထွက်ဆိုးတယ်။ ကျွန်တော်တို့ဟာ အရည်အသွေးမရှိဘဲ အများကြီးကြိုးပမ်းခဲ့တယ်။ ဂိုးရနိုင်တဲ့အခြေအနေအများကြီး မရှိခဲ့ဘူး။
ဒါမျိုး ကြုံဖူးပါတယ်။ စပို့တင်းအစတုန်းက ဆိုးဝါးတာတွေ ကြုံခဲ့တယ်။ ပေါ်တူဂီက စပို့တင်းကို ခင်ဗျား သိပါတယ်။ ဒါပေမဲ့ မန်ချက်စတာမှာက ပိုပြီးတော့ အာရုံစိုက်ခံရတယ်။ ကျွန်တော့်အတွက်ကတော့ ခံစားချက် အတူတူပါ။
ကလပ်အများကြီး ဒါမျိုး ကြုံရတာပါပဲ။ ကျွန်တော်တို့အနေနဲ့ အခြေအနေအလှည့်အပြောင်း ဖြစ်လာအောင် အသင်းကို ပိုကောင်းအောင် လုပ်မယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ကြာသပတေးနေ့မှာ ဗစ်တိုးရီးယားပါဇန်ကို အဝေးကွင်းသို့ သွားရောက်ကာ ယူရိုပါလိဂ်ပွဲ ကစားရပါမယ်။
အဲဒီပွဲပြီးရင် ယူနိုက်တက်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ အေမိုရမ်ရဲ့ ပထမဆုံး မန်ချက်စတာဒါဘီပွဲအဖြစ် မန်စီးတီးနှင့် ရင်ဆိုင် ကစားရပါမယ်။