ယူနိုက်တက်က အလယ်လတ်တန်း ကလပ် ဖြစ်နေပြီလို့ အသိပေးလိုက်တဲ့ ရက်ကလစ်ဖ်ရဲ့ ဝန်ခံ ကြေညာချက်
မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်က အသင်းအား လိုချင်တဲ့နေရာသို့ ပို့ဆေင်နိုင်ရန်အတွက် ခက်ခဲပြီး လူကြိုက်နည်းတဲ့ ဆုံးဖြတ်ချက်များ ချမှတ်လာမှာ ဖြစ်ကြောင်း သတိပေးလာပြီး ကလပ်မှာ အလယ်အလတ်တန်း ကလပ်အဆင့်သာ ရှိတော့ကြောင်း ပြောကြားလာပါတယ်။
ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ လက်မှတ်ဈေးနှုန်းကို ၆၆ ပေါင်အထိ တိုးမြှင့်ရောင်းချပြီးနောက် ဝေဖန်မှုများ ကြုံနေရပါတယ်။
ယူနိုက်တက်ဟာ လက်မှတ်ဈေးနှုန်းမြှင့်တင်လိုက်ပြီးနောက် လက်ကျန် ပရီးမီးယားလိဂ်ပွဲများအတွက် လက်မှတ် ၃ ရာခိုင်နှုန်းရောင်းချရန် ကျန်နေပါသေးတယ်။
ယူနိုက်တက်ဟာ လက်မှတ်ဈေးနှုန်းမြှင့်တင်လိုက်ပြီးနောက် ပြီးခဲ့တဲ့အပတ်တုန်းက အဲဗာတန်အား အနိုင်ရတဲ့ပွဲတွင် ပရိသတ်များရဲ့ သပိတ်မှောက်မှုနှင့် ကြုံခဲ့ရပါတယ်။
ဆာဂျမ်ရက်ကလစ်ဖ်က “မန်ချက်စတာယူနိုက်တက်ဟာ အလယ်အလတ်တန်း ကလပ် ဖြစ်လာနေပါပြီ။ ကမ္ဘာ့အကောင်းဆုံးကလပ်တွေထဲက တစ်ခုဖြစ်လာဖို့ အထောက်အပံ့ လိုပါတယ်။
ကျွန်တော်တို့ဟာ ခက်ခဲပြီး လူကြိုက်နည်းတဲ့ ဆုံးဖြတ်ချက်အချို့ ချရပါမယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်အချို့ မချမှတ်ရင် ဘာမှ ကြီးကြီးမားမား ပြောင်းလဲလာမှာ မဟုတ်ပါဘူး”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ပေါင် ၁၁၃.၂ သန်းအရှုံးပေါ်ခဲ့ပြီး ပြီးခဲ့တဲ့ ငါးနှစ်အတွင်းတွင် ပေါင်သန်း ၃၇၀ ကျော် အရှုံးပေါ်ခဲ့ပါတယ်။
၎င်းတို့ဟာ ပြီးခဲ့တဲ့ လတုန်းက အဲရစ်တန်ဟက်ကို ထုတ်ပယ်ပြီး အေမိုရမ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယင်းဆုံးဖြတ်ချက်နှစ်ခုအတွက် ပေါင် ၂၁.၄ သန်း ကုန်ကျခဲ့ပါတယ်။