ပရို ဘောလုံးသမားဘဝကနေ နားပြီ ကြေညာလိုက်တဲ့ တချိန်က သရဲနီကြယ်ပွင့် တစ်ဦး

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ နှစ်အတန်ကြာ ပါဝင်ကစားခဲ့ဖူးတဲ့ ပေါ်တူဂီ လက်ရွေးစင်ဟောင်း တောင်ပံကစားသမားဟောင်းကြီး လူးဝစ် နာနီကတော့ လက်ရှိမှာ သူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို တရားဝင် အဆုံးသတ်လိုက်ပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် (၃၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘယ်တောင်ပံကစားသမား နာနီဟာ ပေါ်တူဂီ ကစားသမားကောင်းတွေကို မွေးထုတ်ပေးနေကြဖြစ်တဲ့ စပို့တင်း လစ္စဘွန်းအသင်းရဲ့ လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ၂၀၀၇ခုနှစ်မှာပဲ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။

နာနီက ယူနိုက်တက်မှာ ကစားသမားဘဝကို အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့ပြီး နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန်လက်ထက် အသင်းအတွက် သွင်းဂိုးတွေ ဂိုးဖန်တီးမှု လုပ်ဆောင်နိုင်ခဲ့သလို အသင်းနဲ့လည်း ဆုဖလားတွေ အမြောက်အများကိုပါ ရယူ ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

နာနီက ယူနိုက်တက်မှာ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား လိဂ်ဖလား ကလပ်ကမ္ဘာ့ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ပိုင်ဆိုင်ခဲ့ပါတယ်။

၂၀၁၄မှာ စပို့တင်းဆီ ပြန်လည်ပြီး အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ နာနီဟာ အဲ့ဒီနောက်ပိုင်း ဖီနာဘာချီ ဗလင်စီယာ လာဇီယိုနဲ့ စပို့တင်းတို့ဆီ ထပ်မံ ပြောင်းရွှေ့ဖြစ်ခဲ့ပြန်ပါတယ်။ ၂၀၁၉မှာ မေဂျာလိဂ်ကလပ် အော်လန်ဒိုဆီ ပြောင်းရွှေ့ခဲ့တဲ့ နာနီက ၂၀၂၂မှာလည်း စီးရီးအေကလပ် ဗင်နီဇီယာအသင်းဆီ ပြောင်းရွှေ့ခဲ့ပါသေးတယ်။

ဗင်နီဇီယာကနေ သြစတြေးလျကလပ် မဲလ်ဘုန်းအသင်းဆီ ထပ်ပြီး ပြောင်းရွှေ့ခဲ့သေးတဲ့ နာနီက တစ်နှစ်အကြာမှာပဲ တူရကီကလပ် အဒါနာ ဒီမီယာစပေါအသင်းကို ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှာ မွေးရပ်မြေ ပေါ်တူဂီက တည်ထောင်ခါစ ကလပ်အသင်းလေးဖြစ်တဲ့ C.F. Estrela da Amadora ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

နာနီက Amadora အသင်းမှာ ပေါ်တူဂီ အမှတ်ပေးပွဲတွေကို ပါဝင်ကစားနေရင်း ဘောလုံးရာသီဝက်ခန့် အရောက်မှာပဲ ပရော်ဖက်ရှင် ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန် အသိပေးလာခဲ့ပါတယ်။

ဘောလုံးမကန်တော့တဲ့ နာနီက အခုတော့ နာနီဘောလုံး အကယ်ဒမီမှာ လူငယ် မျိုးဆက်သစ်လေးတွေကို ဘောလုံးပညာ သင်ကြားပေးနေသလို ပေါ်တူဂီကလပ် Sintrense SAD အသင်းမှာလည်း အစုရှယ်ယာ အနည်းစုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။