မန်ချက်စတာယူနိုက်တက် နည်းပြရာထူးက ထင်တာထက် ပိုဖိအားများ၊ ရှုပ်ထွေးကြောင်း အခုမှ သိရှိ အံသြနေတဲ့ အမ်မိုရင်း

မန်ချက်စတာ ယူနိုက်တက် နည်းပြရာထူး ဟာ သူ ထင်ထားတာထက် ပိုရှုပ်ထွေးပြီး ဖိအား ပိုများတယ်လို့ နည်းပြ ရူဘန် အမော်ရင်က ယူဆနေပြီဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး၂ ပွဲမှာ အာဆင်နယ်၊ နော်တင်ဟမ်ဖော်ရက်စ်တို့ကို ရှုံးနိမ့်ခဲ့ပြီး အမော်ရင်ရဲ့နည်းပြ ဘဝ တစ်လျှောက် လိဂ်ပြိုင်ပွဲ ၂ ပွဲဆက်ရှုံးတာက အခုမှ ဒုတိယအကြိမ်မြောက်ပါပဲ။

ဒါ့အပြင် အမော်ရင်ဟာ ယူနိုက်တက်ကို မရောက်ခင် အိမ်ကွင်းလိဂ်ပွဲတွေမှာ ၂၀၂၃ ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက ရှုံးပွဲမရှိတော့ပေမဲ့ နော်တင်ဟမ်ဖော်ရက်စ်နဲ့ပွဲမှာတော့ အဲဒီမှတ်တမ်းကောင်း ရပ်တန့်ခဲ့ရပါတယ်။

အခုအချိန်မှာတော့ ယူနိုက်တက် နည်းပြဘဝ အစပိုင်းမှာပဲ အမော်ရင်တစ်ယောက် ဖိအားတွေနဲ့ စတင်ရင်ဆိုင်နေရသလို အမော်ရင်က ယူနိုက်တက်နည်းပြရာထူးဟာ သူ ထင်ထားတာထက် ပိုရှုပ်ထွေးတယ်ဆိုပြီး ယူဆနေပြီလို့ ESPN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၅ ပွဲကစားအပြီးမှာ ၁၉ မှတ်သာရရှိခဲ့တာကြောင့် အဆင့် ၁၃ နေရာ ရပ်တည်နေပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီဖြစ်ခဲ့တဲ့ မနှစ်ကတောင် ပွဲစဉ် ၁၅ အပြီးမှာ ၂၇ မှတ်ရယူနိုင်ခဲ့ပါတယ်။

အခုလောလောဆယ်အထိ အမော်ရင်ဟာ ၅ ပွဲကိုင်တွယ်ခဲ့ပြီး ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးခဲ့သလို အနိုင်ရတဲ့ ၂ ပွဲမှာလည်း ၁ ပွဲက ဘိုဒိုဂလင့်ကို အသည်းအသန်ကစားပြီးမှ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အမော်ရင်ဟာ ယူနိုက်တက်နည်းပြဘဝက သူ ကြိုတင်မျှော်လင့်ထားတာထက် ပိုခက်ခဲတယ်ဆိုတာကို စတင်သဘောပေါက်လာပြီ ဖြစ်ပါတယ်။