အကြောင်းတစ်ချက်ကြောင့် ကိုး ပါလ်မာက မန်ယူအသင်းဆီ ရောက်လာနိုင်တယ်လို့ ဆိုလိုက်တဲ့ ဆာဟာ
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး လူးဝစ် ဆာဟာကတော့ ချယ်ဆီးရဲ့ ကြယ်ပွင့်ကစားသမား ကိုး ပါလ်မာဟာလည်း တစ်နေ့မှာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာနိုင်တယ်လို့ ပြောဆိုလာခဲ့ပြန်ပါတယ်။
အသက် (၂၂)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ပါလ်မာဟာ ၂၀၂၃ နွေကမှ မန်စီးတီးကနေ ချယ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် အခုဆိုရင် ပါလ်မာက ချယ်ဆီးအတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ စုစုပေါင်း ဂိုး (၅၀)အထိ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
ပါလ်မာက ချယ်ဆီးမှာ အတော်လေး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် တစ်ဦးချင်း ဆုပေါင်းများစွာ ပိုင်ဆိုင်နိုင်ခဲ့ရပြီး ပါလ်မာဟာလည်း ချယ်ဆီးအသင်းအတွက် မရှိမဖြစ် အရေးပါတဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်နေပါတယ်။
အခုဆိုရင် ပါလ်မာကို ရီးယဲလ် မက်ဒရစ်အသင်းကပါ စိတ်ဝင်စားနေတယ်ဆိုတဲ့ အသံတွေပါ ထွက်လာခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက် ကစားသမားဟောင်း ဆာဟာကတော့ ပါလ်မာနဲ့ ပတ်သက်ပြီး “ပါလ်မာက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့တာဖြစ်လို့ တစ်နေ့မှာ ယူနိုက်တက်အသင်းဆီ ရောက်လာဖို့ဆိုတာ အဓိပ္ပာယ်ရှိပါတယ်။

ဒါပေမယ့် ပါလ်မာကို ချယ်ဆီးပြီးရင် နောက်ထပ် မြင်တွေ့ရနိုင်တဲ့ အသင်းက ရီးယဲလ် မက်ဒရစ် ပဲ ရှိတယ်လို့ ကျွန်တော် ထင်တယ်။
အသင်းသစ် အပြောင်းအရွှေ့က သူ့ကို ပြောင်းလဲမှု ဖြစ်လာမယ်လို့ မထင်ပါဘူး။ ပါလ်မာက သူ့ကိုယ်သူ သံသယဝင်ခြင်း မရှိသလို အကြောင်းအရာတွေကိုလည်း အချိန်အကြာကြီး တွေးတောနေမှာ မဟုတ်ပါဘူး။
သူက ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားချင်နေလိမ့်မယ်။ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားတဲ့ ချယ်ဆီးအသင်းကိုတော့ ကျွန်တော် မနာလို ဖြစ်မိပါတယ်။
ဒီကစားသမား အမြဲတမ်း ကစားချင်နေပြီး ခြေစွမ်းပိုင်း တိုးတက်လာအောင် လုပ်ချင်စိတ်အပြည့် ရှိတဲ့သူပါ။ သူ ရယူနိုင်တဲ့ အောင်မြင်မှုတွေက အကန့်အသတ်မရှိတဲ့အထိ ဖြစ်လာပါတယ်။ ကျွန်တော်ကတော့ သူရဲ့ စိတ်ဓါတ်ပိုင်းနဲ့ ခြေစွမ်းပိုင်း တသမတ်တည်း ဖြစ်နေတဲ့အပေါ်မှာ တကယ် သဘောကျမိတယ်။
ယူနိုက်တက်မှာတော့ လောလောဆယ် ဒါမျိုးတွေ မရှိဘဲနဲ့ အားကစား ဒါရိုက်တာကိစ္စနဲ့ တိုင်ပတ်နေရပါတယ်။” လို့ ပြောဆိုလိုက်ပါတယ်။