ဂိုးသမား အိုနာနာကို အမျ-က်ထွက်လာတဲ့ မန်ယူပရိသ-တ်တွေက ဒီဂီယာကို ပြန်ခေါ်ဖို့တောင်းဆို
ပြီးခဲ့တဲ့ရက် ဗစ်တိုးရီးယားပါလ်ဇန်နဲ့ ယူရိုပါလိဂ်ပွဲမှာ စိတ်ပျက်စရာ အမှားကျူးလွန်ခဲ့သူ အိုနာနာကို ယူနိုက်တက်ပရိသတ်တွေ အမျက်ထွက်နေပြီး နာမည်ကျော်ဂိုးသမားဟောင်း ဒီဂီယာကို ပြန်ခေါ်ဖို့ တောင်းဆိုနေကြပါပြီ။
ယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ ဗစ်တိုးရီးယားပါလ်ဇန်ကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့ ဦးဆောင်ဂိုးပေးခဲ့ရတာကြောင့် နိုင်ပွဲရအောင် အသည်းအသန် ရုန်းကန်ခဲ့ရပါတယ်။
ဒုတိယပိုင်း ၄၈ မိနစ်မှာ အိုနာနာက အသင်းဖော် ဒီလိဂ်ဆီ ဘောလုံးပေးခဲ့ပေမဲ့ လမ်းကြောင်းတိုသွားတဲ့အတွက် ပါဗယ်ဆူလက်က ကြားဖြတ်ယူပြီးတော့ ဗီဒရာကို ပေးတာကနေ ဗီဒရာက အပိုင်သွင်းယူခဲ့တာဖြစ်ပါတယ်။
အိုနာနာဟာ နော်တင်ဟမ်ဖော်ရက်စ်ကို ၃-၂ ဂိုးနဲ့ရှုံးတဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အူကြောင်ကြောင် အမှားကနေ ဂိုးပေးခဲ့ရသလို နော်တင်ဟမ်ဖော်ရက်စ်ရဲ့ဂိုးပေါက်တည့်မှု ၃ ကြိမ်မှာ ကာကွယ်မှု မလုပ်နိုင်ဘဲ အကြိမ်တိုင်း ဂိုးပေးခဲ့ရပါတယ်။
ယူနိုက်တက်အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ နာမည်ကျော်မြားပစ်သမား လစ်တလာက အိုနာနာရဲ့အမှားကို ဓာတ်ပုံရိုက်ပြီးတော့ ‘Bring back Dave (ဒီဂီယာကို ပြန်ခေါ်ပေးပါ)’လို့ လူမှုကွန်ရက်မှာ Post တင်ခဲ့ပြီး နောက်ပိုင်းမှာ သူ့ Post ကို ပြန်ဖြုတ်ချခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သူ စပိန်ဝါရင့်ဂိုးသမား ဒီဂီယာဟာ ၂၀၂၂-၂၃ ရာသီကုန်မှာ ဆယ်စုနှစ် တစ်ခုကျော် ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့လမ်းခွဲခဲ့ပြီး ဒီရာသီအစက စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းဆီ ရောက်ရှိခဲ့ပါတယ်။
အခုအချိန်မှာ ဒီဂီယာဟာ ဖီအိုရင်တီးနားအတွက် လက်စွမ်းပြနေပြီး ဂိုးပေါက်တည့်မှုတွေထဲက ၇၆ % ကို ကာကွယ်နိုင်ခဲ့သလို rating အဖြစ် ၇.၆၁ အဖြစ်ရရှိခဲ့တာကြောင့် ဒီရာသီ ဥရောပထိပ်သီးလိဂ်တွေမှာ rating အကောင်းဆုံးဂိုးသမားအဖြစ် ရပ်တည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီဂီယာကို လက်လွှတ်ပြီးတော့ ဘောလုံးကိုင်ကစားတာ ပိုကောင်းတဲ့ အိုနာနာကို ခေါ်ယူခဲ့တာဖြစ်ပြီး အခု အိုနာနာရဲ့အမှားတွေက ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်စေခဲ့ပါပြီ။