ဒီည မန်ချက်စတာ ဒါဘီပွဲမှာ အမော်ရင်နဲ့ မန်ချက်စတာ ယူနိုက်တက် နိုင်ပွဲ ရနိုင်မလား ..
ဒီညမှာ ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ မန်ချက်စတာ ဒါဘီပွဲ အဖြစ် အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင် ကစားသွားမှာဖြစ်ပါတယ်။
အခုလောလောဆယ် မန်ချက်စတာမြို့ခံနှစ်သင်းစလုံးဟာ တူညီတဲ့ ကြမ္မာဆိုးနဲ့ရင်ဆိုင်နေရပြီး မန်စီးတီးအသင်းက ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့သလို ယူနိုက်တက်အသင်းကလည်း ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။
တကယ်လို့ ဒီညပွဲမှာသာ ယူနိုက်တက်တို့ ရှုံးပွဲတွေ့မယ်ဆိုရင် နည်းပြဟောင်း ဗန်ဟားလ်လက်ထက် ၂၀၁၅ ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအဖြစ် တစ်ရာသီအတွင်း ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ရှုံးနိမ့်တဲ့မှတ်တမ်းဆိုး ပြန်လည်ပိုင်ဆိုင်မှာပါ။
အမော်ရင်ဟာ နည်းပြဘ၀ စုစုပေါင်း ၁၇၂ ပွဲမှာ လိဂ်ပြိုင်ပွဲ ၃ ပွဲဆက်တိုက် ရှုံးနိမ့်တာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။

ချန်ပီယံလိဂ်ပွဲတုန်းက အမော်ရင်ဟာ စပို့တင်းလစ္စဘွန်းနဲ့အတူ မန်စီးတီးကို အနိုင်ရခဲ့ပြီး တစ်ရာသီအတွင်း ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းကို မတူညီတဲ့ကလပ် ၂ သင်းနဲ့အနိုင်ရခဲ့တာဆိုလို့ အလန်ပါဂျူး (၂၀၁၄-၁၅ ရာသီမှာ နယူးကာဆယ်၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ မန်စီးတီးကို အနိုင်ရ)တစ်ဦးသာရှိပါတယ်။
ယူနိုက်တက်အသင်းဟာ ၂၀၂၃ ဇန်ဝါရီလတုန်းက အိုးလ်ထရက်ဖို့ဒ်မှာ မန်စီးတီးကို ၂-၁ ဂိုးနဲ့အနိုင်ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးပြိုင်ပွဲမှာ ယူနိုက်တက်တို့ မန်စီးတီးကို ၄ ပွဲဆက်ရှုံးခဲ့တာက ၁၉၅၂ ကနေ ၁၉၅၅ အတွင်း နောက်ဆုံးပါပဲ။
ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ အခုလောလောဆယ် ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရပေမဲ့လည်း မန်ချက်စတာဒါဘီဆိုရင် အခြေအနေကောင်းလေ့ရှိသလို ပရီးမီးယားလိဂ်ပွဲ ၂၀ အထိအနိုင်ရခဲ့တာကြောင့် အာဆင်နယ်(၂၁ ပွဲ)ပြီးရင် ယူနိုက်တက်ကို ပွဲအများဆုံးအနိုင်ရတဲ့ ဒုတိယမြောက်အသင်းအဖြစ် ရပ်တည်နေပါတယ်။
ဒါ့အပြင် မန်စီးတီးနာမည်ကျော်တိုက်စစ်မှူးဟာလန်းနဲ့ဖိုဒန်တို့ကလည်း မန်ချက်စတာဒါဘီဆိုရင် ခြေမြူးလေ့ရှိပြီး ပရီးမီးယားလိဂ် ၄ ပွဲမှာ ဟာလန်းက သွင်းဂိုးပါဝင်ပတ်သက်မှု ၉ ဂိုး(၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ်)အထိရှိတဲ့အပြင် ဖိုဒန်ကလည်း မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ၂၀၂၁ မတ်လတုန်းက အစ်တီဟတ်မှာ ယူနိုက်တက်ကို ၂-၀ ဂိုးနဲ့ရှုံးပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ၃ ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ဒီည မန်ချက်စတာဒါဘီပွဲမှာ အိမ်ရှင်မန်စီးတီးပဲ ရလဒ်ကောင်းရယူနိုင်ဖို့များပြီး နာမည်ကျော် Opta ကလည်း မန်စီးတီး အသင်း အနိုင်ရနိုင်ခြေအဖြစ် ၅၇ % အထိ သတ်မှတ်ပေးထားပါတယ်။