ငါ မအိုသေး ဆိုတဲ့ ဒိုလေး၊ နိုင်ပွဲရသွားတဲ့ ကွန်တီ၊ စီးတီးအသင်းသားကို ချိန်နေတဲ့ ဝက်ဟမ်းနဲ့ နံနက်ခင်း သတင်းများ
အရွယ် ရနေပြီ ဖြစ်တဲ့ ရော်နယ်ဒိုက ကွင်းထဲမှာ မပြေးဘူး ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေကြပေမယ့် ပေါ်တူဂီသားဟာ ညက အာဆင်နယ်နဲ့ ပွဲမှာ ၂ဂိုးသွင်း ခြေစွမ်းပြခဲ့ပြီး ကွင်းထဲ သူ့ လုပ်နိုင်စွမ်းကို ပြသသွားကြောင်း ရော့ဘ် ဂရင်းက ချီးကျူးလိုက်ပါတယ်။
အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကို မန်ယူအသင်းနည်းပြသစ် ရန်းဂ်နစ်နဲ့ ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်းတို့ လာရောက်ကြည့်ရှုသွားခဲ့ပြီး စီ ရော်နယ်ဒိုရဲ့ သွင်းဂိုးအပေါ် အံ့အားသင့်ချီးကျူးမှုတွေလည်း ပြုလုပ်သွားခဲ့ကြပါတယ်။

အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ ၎င်းတို့အသင်းဟာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့ရပေမယ့် အနိုင် ၃ မှတ် ရရှိသင့်တဲ့ ခြေစွမ်းတွေနဲ့ ကစားနိုင်ခဲ့ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။
ဘရန့်ဖို့ဒ်အသင်းကို ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် စပါး နည်းပြ ကွန်တီက ၎င်းတို့အသင်း ယခုလို အနိုင်ရရှိခဲ့ကြတာဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ကွန်းဖရန့်လိဂ်ပွဲစဉ်တုန်းက အသင်းငယ် မူရာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှ အဖြစ်အပျက်တွေကို သင်ခန်းစာယူနိုင်ခဲ့တဲ့အတွက်ကြောင့်သာ ဖြစ်ကြောင်း ပွဲအပြီးမှာ ဆိုသွားခဲ့ပါတယ်။
မွေးရပ်မြေ ဒိန်းမတ်ကလပ် အိုဒန်ဆီနဲ့ သွားရောက် လေ့ကျင့်ခန်းဆင်းနေတဲ့ အင်တာမီလန် ကွင်းလယ်လူ အဲရစ်ဆင် တစ်ယောက် ဥရောပ ကလပ်အသင်းတွေထံ ပြန်လာဖို့ နီးစပ်လာနေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ လက်ရှိ မန်စီးတီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ နောက်ခံလူ နေသန် အကီကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာတစ်ယောက် လက်ရှိ ကလပ်အသင်းကနေ ထွက်ခွါဖြစ်ခဲ့ပါက နိုင်ငံအသင်း တစ်သင်းသင်းကို ကိုင်တွယ် ချင်တယ် ဆိုထားပေမယ့် မလွယ်နိုင်တာကြောင့် နယူးယောက်ခ်စီးတီး အသင်းထံ သွားရောက်နည်းပြဖို့ စိတ်ဝင်စားနေကြောင်း သတင်းရရှိပါတယ်။
ပဲလေ့စ်အနေနဲ့ ရီးရဲတိုက်စစ်မှူး မာယိုရယ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ၂၄ နှစ်အရွယ်တိုက်စစ်မှူးဟာ လက်ရှိမှာ ရိုးမားမှာ အငှားနဲ့ ကစားနေပေမဲ့ နေရာရဖို့ ရုန်းကန်နေရတာကြောင့်အသင်းပြောင်းဖို့ စီစဉ်နေတာပါ။ ၂၀၂၃ ခုနှစ်မှာ စာချုပ်ကုန်မဲ့သူ့ကို ပဲလေ့စ်က လာမဲ့နှစ်မှာခေါ်ယူသွားမှာပါ။
အင်တာမီလန် အသင်းတိုက်စစ်မှူး မာတီနက်ဇ်ကတော့ လက်ရွေးစင် အသင်းဖော် မက်ဆီတစ်ယောက် ၎င်းကို ဘာစီလိုနာအသင်းထံ လာရောက်ကစားဖို့ တိုက်တွန်းခဲ့ဖူးကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။