မန်စီးတီး ကစားသမား ဝေါ်ကာ ကို အော်စကာ ဆုတောင် ပေးချင်တယ်လို့ ဟွိုင်လန်း ရိ-ထေ့

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဟွိုင်လန်းဟာ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းနဲ့ ဝေါ်လ်ကာတို့ကို လူမှုကွန်ရက်ပေါ်ကနေ လှောင်ပြောင်ခဲ့ပါတယ်။

အတီဟတ်မှာကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်တို့ ၂-၁ ဂိုးရလဒ်နဲ့အနိုင်ရခဲ့ပြီး ပွဲချိန်အတွင်း ဟွိုင်လန်းနဲ့ဝေါ်လ်ကာတို့ ပြဿနာတက်ခဲ့ကြပါတယ်။

ဝေါ်လ်ကာရဲ့ ဘောလုံးဖျက်ထုတ်မှုအပေါ် ဟွိုင်လန်းက ဒေါသပေါက်ကွဲပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင် စကားများချိန်မှာ ဝေါ်လ်ကာဟာ ဒဏ်ရာ အကြီးအကျယ်ရသွားသလို ရုတ်တရက် လဲကျခဲ့တာဖြစ်ပါတယ်။

ဝေါ်လ်ကာရဲ့လုပ်ရပ်ကြောင့် မက်ဂွိုင်းယားက မကျေမနပ်နဲ့ ဝေဖန်တာကနေ နှစ်ဖက်အသင်းကစားသမားတွေ အပြန် အလှန် စကားများခဲ့ပါတယ်။

ရုပ်သံအနှေးပြကွက်တွေအရ ဝေါ်လ်ကာဟာ ဘာမှထိခိုက်မိတာမျိုးမရှိဘဲ ဟွိုင်လန်းကို အနီကတ်ထိအောင် ဟန်ဆောင်ခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင် အန်သိုနီတေလာကတော့ နှစ်ယောက်စလုံးကို အဝါကတ်ပြသခဲ့ပါတယ်။

ဝေါ်လ်ကာရဲ့လုပ်ရပ်အပေါ် ယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင် ရွိုင်ကိန်းက ရှက်စရာကောင်းတဲ့အပြုအမူဆိုပြီး ဝေဖန်ခဲ့ပါတယ်။

ပွဲအပြီး ဟွိုင်လန်းက Instagram မှာ Post တင်ပြီးတော့ မန်စီးတီးနဲ့ဝေါ်လ်ကာတို့ကို လှောင်ပြောင်ခဲ့ပါတယ်။

ဟွိုင်လန်းက ဝေါ်လ်ကာနဲ့ ခေါင်းချင်းဆိုင်နေတဲ့ ဓာတ်ပုံနဲ့အတူ ‘Manchester is red. Violets are blue. အရမ်း ကျေနပ်စရာကောင်းတဲ့ စွမ်းဆောင်ရည်ပါပဲ။ ဒါပေမဲ့ ဒီညမှာ အော်စကာဆုရသွားတာကတော့ . . . ‘လို့ ရေးသားခဲ့တာဖြစ်ပါတယ်။