ယူနိုက်တက် စတားကိုမှ နှစ်ပွဲဆက်တိုက် ချန်ထားရတဲ့ အကြောင်းအရင်းကို နည်းပြ အမော်ရင် ဖြေရှင်း

မန်ချက်စတာယူနိုက်တက်နည်းပြ အမော်ရင်ဟာ စပါးအသင်းနဲ့လိဂ်ဖလားပွဲမှာ အဓိကတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် မပါဝင်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အမော်ရင်ဟာ မန်ချက်စတာဒါဘီပွဲအတွက် လူစာရင်းကနေ ရပ်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့ပြီးတဲ့နောက် မကြာခင်မှာပဲ ရပ်ရှ်ဖို့ဒ်က စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ အသင့်ရှိနေပြီလို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အမော်ရင်ဟာ ရပ်ရှ်ဖို့ဒ်ကို လူစာရင်းကနေ ၂ ပွဲဆက်တိုက် ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

Sky Sports နဲ့အင်တာဗျူးမှာ အမော်ရင်က “လူရွေးချယ်မှုနဲ့ပတ်သက်လို့ပြောရရင် ကျွန်တော်က ဒီလိုပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲမျိုးမှာ ပါဝင်ကစားနိုင်ဖို့ အသင့်ရှိတယ်လို့ ယူဆတဲ့ကစားသမားတွေကိုပဲ ရွေးချယ်တာဖြစ်ပါတယ်။

အဲဒါကြောင့် တစ်ပတ်လုံး ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို လေ့လာပြီးတော့မှ ပွဲအတွက် လူစာရင်းကို ရွေးချယ်တာပါ”လို့ ပြောကြားခဲ့ပါတယ်။

Sky Sports ရဲ့ သတင်းထောက်က လေ့ကျင့်ခန်း အစီအစဉ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်ကြောင့် လူစာရင်းကနေ ချန်လှပ်ခဲ့တာလားဆိုပြီး မေးခွန်းထုတ်ခဲ့ချိန်မှာ အမော်ရင်က

“အဲဒါက ရပ်ရှ်ဖို့ဒ်တစ်ယောက်တည်းတင်မဟုတ်ဘဲ ကစားသမားတိုင်းအပေါ် ကျွန်တော့်ရဲ့သဘောထားက တစ်သားတည်းပါပဲ။ နောက်ဆုံးမှာတော့ ဘယ်သူ့ကို ရွေးချယ်မရလဲဆိုတာ ကျွန်တော် စဉ်းစားဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ အခုနောက်ပိုင်းနှစ်တွေအတွင်း ယူနိုက်တက်အသင်းမှာ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရပြီး လက်ရှိအနေအထားတွေအရ အသင်းနဲ့လမ်းခွဲဖို့ ပိုနီးစပ်လာပြီဖြစ်ပါတယ်။