ယူနိုက်တက်ရဲ့ ပျော့ကွက် set pieces ကိစ္စအတွက် သူ့ လူ သူ ကာကွယ်ခဲ့တဲ့ အေမိုရမ်၊ ဒေါကန်နေတဲ့ နောက်ခံလူ မာတီနက်ဇ်

မန်ချက်စတာ ယူနိုက်တက်အတွက် ရလဒ်တွေ ဆိုးတဲ့ ပွဲတွေမှာ ပိုပြီး ထုထောင်းစေတဲ့အရာက အလွတ်တည်ကန်ဘောကနေ ဂိုးတွေ ပေးနေရတာပါ။

တကယ်လို့များ အလွတ်တည်ကန်ဘောကသာ ဂိုးတွေ ပေးမနေရ ယူနိုက်တက်တို့ အခုထက် ပိုကောင်းတဲ့အခြေအနေမျိုးမှာရှိနေဖို့ ရှိပါတယ်။

ယူနိုက်တက်ဟာ ယခုလအစောပိုင်းတုန်းက အာဆင်နယ်နှင့်ပွဲမှာ အလွတ်တည်ကန်ဘောကနေ ၂ ဂိုးပေးခဲ့ရသလို နောက်ဆုံး အိမ်ကွင်းဖြစ်တဲ့ ဖောရက်စ်နဲ့ပွဲမှာလည်း ၁ ဂိုးပေးခဲ့ရပါတယ်။ ပြီးတော့ ကြာသပတေးနေ့တုန်းက စပါးစ်နှင့်ပွဲမှာလည်း ဆန်ဟောင်မင်းရဲ့ ထောင့်ကန်ဘောကနေ တိုက်ရိုက်သွင်းယူခြင်းခံခဲ့ရပါတယ်။

အခု ဘုန်းမောက်ဟာလည်း ပထမပိုင်းမှာ အလွတ်တည်ကန်ဘောကနေ ဂိုးထပ်မံ ရယူသွားခဲ့ပြန်ပါတယ်။

ရိုင်ယန်ခရစ္စတီးရဲ့ ဖရီးကစ်ကနေ နောက်ခံလူဒိန်းဟူဆင်က ဂျိုရှာဇတ်ဇီး လူကပ်နေတဲ့ ကြားကနေ အလွယ်တကူပဲ ခေါင်းတိုက်သွင်းယူခဲ့တာပါ။

အခုလို အလွတ်တည်ကန်ဘောကနေ ယူနိုက်တက်တို့ ဂိုးပေးရတာ အေမိုရမ် လက်ထက်မှာချည်းပဲ မဟုတ်ပါဘူး။

၂၀၂၄ ခုနှစ်အတွင်းမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အလွတ်တည်ကန်ဘောကနေ ၂၄ ဂိုးအထိ ပေးထားရပြီးလည်း ဖြစ်ကာ တစ်နှစ်အတွင်း အလွတ်တည်ကန်ဘောကနေ ဂိုးအများဆုံးပေးထားရတဲ့အသင်း အဖြစ် ဘယ်သူမှ မလိုချင်တဲ့ သမိုင်းမှတ်တိုင်စိုက်ထူထားပါတယ်။

နည်းပြ အေမိုရမ် အတွက်ကတော့ သူ စပို့တင်းကနေ တပါတည်းခေါ်ဆောင်လာတဲ့ အလွတ်တည်ကန်ဘောနည်းပြ ကားလို့စ်ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ထွက်ပေါ်လာပါတယ်။

ဒါပေမဲ့ အေမိုရမ်ကတော့ နည်းပြ ဖာနန်ဒက်စ်ကို အပြစ်မတင်ပါဘူး။

၎င်းက “ကျွန်တော့်မှာပဲ တာဝန်ရှိတယ်။ ကားလို့စ်မှာ မရှိဘူး။ ကျွန်တော်တို့က အကောင်းရော အဆိုးပါ ကြုံနေတဲ့အသင်းပါ။ ကျွန်တော်တို့က လမ်းခုလတ်က အသင်းပါ။ ဒီအတွက် အလုပ်လုပ်နေကြတယ်။

ဒီအပိုင်းမှာ ပိုကောင်းလာအောင် လုပ်ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အလွတ်တည်ကန်ဘောကြောင့် ရှုံးနိမ့်တာ မဟုတ်ပါဘူး။ အခွင့်အရေး ဖန်တီးနိုင်ပြီး ဂိုးမသွင်းနိုင်လို့ ရှုံးနိမ့်နေရတာပါ”လို့ ဆိုသွားပါတယ်။

ဗဟိုနောက်ခံလူ မာတီနက်ဇ်ဟာလည်း အလွတ်တည်ကန်ဘောက ဂိုးပေးရမှုအပေါ် တော်တော် ဒေါသထွက်နေပါတယ်။

၎င်းက “ဒီအခြေအနေမျိုးအပေါ် အရမ်း ဒေါသထွက်ရတယ်။ အလွတ်တည်ကန်ဘောနဲ့ပတ်သက်ပြီး အထူးတလည် အလုပ်လုပ်ရမယ်။ ဒီအသင်းနဲ့ နည်းပြအဖွဲ့အပေါ် ယုံကြည်ပါတယ်။ အလွတ်တည်ကန်ဘောကသာ သူတို့ (ဘုန်းမောက်) ဂိုးမရသွားဘူးဆိုရင် ကွဲပြားတဲ့ပွဲဖြစ်လာမှာပါ”လို့ ပြောကြားသွားပါတယ်။