အမ်မိုရင်းနဲ့ မန်ချက်စတာ ယူနိုက်တက်မှာ အကောင်းမြင်စရာ အကြီးကြီး ရှိပါတယ် ဆိုတဲ့ နဗီး
ပြီးခဲ့တဲ့ ရက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက်ကို ၃-ဝ နဲ့ ဂိုးပြတ် ရှုံးလိုက်တာက ယူနိုက်တက်နဲ့ အမ်မိုရင်း အတွက် ကြီးမားတဲ့ အကောင်းမြင်စရာ ဖြစ်ကြောင်း သရဲနီဟောင်းကြီး ဂယ်ရီနဗီးက ပွဲအပြီး သုံးသပ်မှုမှာ ပြောဆိုခဲ့ပါတယ်။
” ကျွန်တော်ကတော့ ဒီပွဲ ရှုံးလိုက်တာ ကြီးမားတဲ့ အကောင်းမြင်စရာပဲ လို့ မြင်တယ်။ ရူဘင် အမ်မိုရင်းက အနေအထား ဘယ်လိုရှိသလဲ မြင်သွားလောက်ပြီ။
အတိတ်မှာတုန်းက အသင်း ရလဒ်ကောင်းတွေ ရပြီး အမှတ်ပေးဇယား အပေါ် တက်လာတာနဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီလို့ နည်းပြတွေက တွေးဖြစ်ကြတော့တာပဲ။ တကယ်တမ်းတို့ သူတို့က အနေအထားကောင်းနဲ့ အဘက်ဘက်ကနေ မိုင်ချီ ဝေးကွာနေတာပါ။
အမ်မိုရင်း ကစားချင်တဲ့ ၃-၄-၃ အခင်းအကျင်းနဲ့ ဆိုရင် သူ အပြောင်းအလြတွေ လုပ်ရတော့မယ်။ အသင်းမှာ ရှိတဲ့ သူတိုင်းကို သူ အရင် အခွင့်အရေး ပေးပြီး အလှည့်ကျ ကစားခိုင်းရမှာပဲ။ အခု အနေအထား အရ သူ့အသင်းမှာ ထည့်ချင် ပါဝင်စေချင်တဲ့သူ များများစားစား မရှိလောက်ဘူး။
ကစားသမားတွေ အားလုံးက ကျဆင်းနေတော့တာ။ ဘယ်လိုက ဘယ်လို ဖြစ်ကုန်လဲ ကျွန်တော်လည်း မသိတော့ဘူး။ သူတို့က အခု ပြသနေတဲ့ ခြေစွမ်းထက် ပိုကောင်းတဲ့ အစွမ်းတွေ ရှိခဲ့ကြတာပါ။
အခုကတော့ ဒီ ကစားသမားတွေကို ကြည့်ရင်း သူတို့က လုံလောက် ကောင်းမွန်မှု မရှိဘူး ဆိုတာ ရှင်းရှင်းလင်းလင်း မြင်လာကြပြီ ထင်တယ်။ ” လို့ နဗီးက ပြောဆိုခဲ့ပါတယ်။
တနင်္ဂနွေနေ့က ရှုံးပွဲ အပြီးမှာ နည်းပြ အမ်မိုရင်းကလည်း ယူနိုက်တက် အသင်းသားတွေ အားလုံး အရှုံးကို စိတ်ပျက်ငြီးငွေ့နေကြပြီး နာကျင်ခံစားနေရကြောင်း ပြောဆိုခဲ့ပါသေးတယ်။