လူကို ရွေးမလား၊ မူကို ရွေးမလား မန်ချက်စတာ ယူနိုက်တက် ..

မန်ချက်စတာ ယူနိုက်တက်ကို အမော်ရင် စကိုင်တုန်းက လူကို ရွေးမလား၊ မူကို ရွေးမလားဆိုပြီး တွေးစရာ ဖြစ်ခဲ့ဖူးပါတယ်။

အခုလက်ရှိအနေအထားအရတော့ အမော်ရင်ဟာ သူ့ရဲ့မူကို ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ဒီအတိုင်းသာဆိုရင်တော့ ယူနိုက်တက်အသင်း မရှုမလှဖြစ်သွားဖွယ် ရှိနေပါပြီ။

နည်းပြတစ်ယောက်အနေနဲ့ အသင်းတစ်သင်းကို ချက်ချင်းကြီး Transform လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘဲ အခြေအနေအပေါ် မူတည်ပြီးတော့ သူ့ရဲ့ Mindset ကို အပြောင်းအလဲ လုပ်သင့်ရင်လုပ်ရမှာပါ။

ဥပမာပြောရရင် အာနေးစလော့ ဟာ လီဗာပူးလ်အသင်းကို ယာဂန်ကလော့ပ် ထားခဲ့တဲ့ ပုံစံအတိုင်း ဆက်သွားပြီး သူ့ရဲ့ Ideology တွေကို တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာဖြစ်ပါတယ်။

ချယ်လ်ဆီးနည်းပြမာရက်စ်ကာဆိုလည်း သူ လိုချင်တဲ့ပုံစံရအောင် အချိန်ယူပြီးတော့ တည်ဆောက်နေပြီး ကစားသမားတွေ အသားကျပြီးသား စနစ်တစ်ခုလည်း မပျက်အောင် ကိုယ့်ရဲ့နည်းဗျူဟာတွေနဲ့လည်း အံဝင်အောင် ဆောင်ရွက်နေပါတယ်။

အခု အမော်ရင်က ယူနိုက်တက်ကစားသမားတွေအတွက် ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ အစိမ်းသက်သက် ကစားကွက်ကို ယူဆောင်လာပြီး သူ့ကစားကွက်မှာ အံဝင်အောင် မရရတဲ့နည်းနဲ့ သွတ်သွင်းနေသလိုဖြစ်နေပါတယ်။

ရလဒ်ကောင်းနေချိန်မှာ ဒါက ပြဿနာမဟုတ်ပေမဲ့ ရလဒ်တွေ ဆက်တိုက်ဆိုးရွားလာချိန်မှာ ကစားသမားတွေကိုယ်တိုင် စိတ်ဓာတ်ပျက်လာပြီး အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိစေပါတယ်။။

အဓိကအချက်က နိုင်ပွဲပျောက်နေလို့ ကစားသမားတွေ စိတ်ဓာတ်နဲ့ ယုံကြည်မ ှုမရှိတော့ဘူးဆိုရင် ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့ နည်းဗျူဟာဖြစ်ပါစေ အလုပ်မဖြစ်နိုင်ဘူးဆိုတာ အခု ဂွါဒီယိုလာနဲ့မန်စီးတီးတို့ရဲ့အခြေအနေက အကောင်းဆုံးသက်သေပါပဲ။

နောက်ပြီး လူငယ်နည်းပြတွေထဲမှာ နည်းဗျူဟာပိုင်း ထူးချွန်ပါတယ်ဆိုတဲ့ အမော်ရင်ရဲ့အရည်အသွေးကို စတင်မေးခွန်းထုတ်ရတော့မှာပါ။

အမော်ရင်က ၃-၄-၃ ကလွဲရင် တခြားကစားကွက် မသုံးတတ်တော့တာလား၊ 3 Backs ကို Base တည်ပြီးတော့ ကစားကွက်အပြောင်းအလဲတွေ မလုပ်တတ်တာလားဆိုတာ မေးခွန်းထုတ်ချင်စရာဖြစ်နေပါပြီ။

အခုဆိုရင် ယူနိုက်တက်တို့ ပရီးမီးယားလိဂ်နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲသာနိုင်ပြီး ၂၂ မှတ်နဲ့ အဆင့် ၁၄ နေရာ ရပ်တည်နေတဲ့အပြင် တန်းဆင်းဇုန်ထဲက လက်စတာနဲ့ ၈ မှတ်သာ ကွာပါတော့တယ်။