အိုနာနာ အတွက် ပြောစရာ စကားလုံးကို မရှိတော့ဘူးလို့ ပရိသ-တ်တွေ ဝေ-ဖန်၊ ဒီတလောမှ ထောင့်ကန်ဘော တိုက်ရိုက် နှစ်ဂိုး ပေးထားတဲ့ ယူနိုက်တက် ဂိုးသမား
မန်ချက်စတာ ယူနိုက်တက်ပရိသတ်များဟာ ၈ ရက်အတွင်း ဒုတိယမြောက် ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးပေးလိုက်ရပြီးနောက် ဂိုးသမားအင်ဒရေအိုနာနာကို ပစ်မှတ်ထား ဝေဖန် အမျက်ထွက် လာကြပါတယ်။
မနေ့ညတုန်းက ဝုဗ်ကို အဝေးကွင်းမှာ ၂-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်မှာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရပြီး တစ်ယောက်အလျှော့ဖြင့် ကစားရပြီးနောက် အနိုင်ဂိုး ၂ ဂိုးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။
ပွဲချိန် ၅၈ မိနစ်တွင် မားသီးယပ်စ်ကန်ဟာက ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းယူပြီးနောက် အချိန်ပိုတွင် ဟွမ်ဟီးချန်က အနိုင်သေချာစေမဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။
ကန်ဟာ ထောင့်ကန်ဘောကန်ချိန်တွင် အိုနာနာကို မတ်ဒိုဟာတီနှင့် ဆန်တီယာဂိုဗျူနိုတို့က နှောင့်ယှက်နေခဲ့ကြပါတယ်။
အိုနာနာဟာ ထောင့်ကန်ဘောကို အာရုံမစိုက်ဘဲ ယင်းကစားသမား ၂ ဦးကိုသာ အာရုံစိုက်နေခဲ့တာ တွေ့ရပါတယ်။
ယူနိုက်တက်အရန်ဂိုးသမား အယ်တေးဘာယန်ဒါမှာလည်း ခါရာဘောင်ဖလားကွာတားဖိုင်နယ်တွင် စပါးစ်အား ၄-၃ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှာ ဆန်ဟောင်မင်းရဲ့ ထောင့်ကန်ဘောမှ တဆင့် တိုက်ရိုက်ဂိုးပေးခဲ့ရဖူးပါတယ်။
ယူနိုက်တက်ပရိသတ်များဟာ ဘောက်ဆင်ဒေးရှုံးပွဲ ကြုံရပြီးနောက် အိုနာနာကို အတော် စိတ်ပျက်နေကြကာ ဝေဖန်လာကြပါတယ်။
ပရိသတ်တစ်ဦးက “အိုနာနာ အတွက် ပြောစရာစကား မရှိတော့ဘူး။ ခြောက်ခြားစရာပဲ”လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “ကျုပ်တို့ ဂိုးသမားနှစ်ဦး တစ်ပတ်အတွင်း ထောင့်ကန်ဘောကနေ တိုက်ရိုက် ဂိုးပေးခဲ့ရတယ်”လို့ ဆိုသွားပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီတွင် အလွတ်တည်ကန်ဘောမှ တဆင့် ၁၀ ဂိုးအထိ ပေးထားရပြီ ဖြစ်ပါတယ်။
အံ့ဩသင့်စရာကောင်းတာကတော့ ယူနိုက်တက်ဟာ အေမိုရမ်လက်ထက် ၇ ပွဲတွင် ၈ ဂိုးမှာ အလွတ်တည်ကန်ဘောမှ ပေးထားရတာပါ။
ဘရာဇီးစတားကန်ဟာဟာ မနေ့ညက ယူနိုက်တက်နှင့်ပွဲတွင် ပထမပိုင်းမှာလည်း ထောင့်ကန်ဘောမှ တဆင့် တိုက်ရိုက်ဂိုးသွင်းရန် ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ သူဟာ ဒုတိယပိုင်း ဒုတိယမြောက်အကြိမ် ကြိုးပမ်းရာမှာတော့ အောင်မြင်သွားခဲ့ပါတယ်။
ကန်ဟာက “ဂိုးသွင်းလေ့ကျင့်ခန်းတွေ လုပ်တယ်။ ထောင့်ကန်ဘောကနေ ဂိုးသွင်းနိုင်ဖို့ လေ့ကျင့်တယ်။ ဒုတိယအကြိမ်မှာတော့ ကံကောင်းသွားခဲ့တယ်။ ဂိုးရခဲ့တယ်”လို့ ပြောကြားသွားပါတယ်။