ပြိုင်ဘက်တိုင်းက သိနေပြီ ဖြစ်တဲ့ ယူနိုက်တက်ရဲ့အားနည်းချက်ကို မက်ဂွိုင်းယား ဖွင့်ဟလာ

မန်ချက်စတာ နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားက ဝုဗ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပြိုင်ဘက်အသင်းများမှာ ယူနိုက်တက်ရဲ့အကြီးမားဆုံးအားနည်းချက်ဖြစ်တဲ့ အလွတ်တည်ကန်ဘောမှ တဆင့် ဂိုးရယူရန် ကြိုးပမ်းနေကြောင်း ပြောကြားလာပါတယ်။

ဝုဗ်အတွက် ပထမဂိုးကို မားသီးယပ်စ်ကန်ဟာက ထောင့်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၈ ရက်အတွင်းတွင် ထောင့်ကန်ဘောမှ ၂ ဂိုးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ ယခုရာသီတွင် အလွတ်တည်ကန်ဘောမှ တဆင့် ၁၀ ဂိုးအထိ ပေးထားရပြီး အလွတ် တည်ကန်ဘောမှ ဂိုးပေးရမှုအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းယားက အလွတ်တည်ကန်ဘောမှာ ယူနိုက်တက်ရဲ့ အားအနည်းဆုံးဖြစ်နေကြောင်း ဆိုလာပါတယ်။

မက်ဂွိုင်းယားက “နောက်ထပ် ဂိုးပေးလိုက်ရပြန်ပြီ။ အထူးသဖြင့် ပထမဂိုးပေါ့။ အလွတ်တည်ကန်ဘောက ဘောလုံးမှာ အရမ်းအရေးပါနေတယ်။ ပထမဂိုးက ကျွန်တော့်တို့အရင်ပေးခဲ့ရတဲ့ အလွတ်တည်ကန် ဂိုးတွေထက် ဆိုးတယ်။ အရမ်းစိတ်ပျက်ရတယ်”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ယင်းမတိုင်မီ အာဆင်နယ်နှင့်ပွဲတွင် အလွတ်တည်ကန်ဘောမှ နှစ်ဂိုးပေးခဲ့ရသလို စပါးစ်နှင့်ပွဲမှာလည်း ဆန်ဟောင်မင်းရဲ့ ထောင့်ကန်ဘောမှ တိုက်ရိုက်ကန်ချက်ဂိုးကို ပေးခဲ့ရပါတယ်။

အလွတ်တည်ကန်ဘောပြဿနာကို ဘယ်လိုဖြေရှင်းမလဲလို့ မေးမြန်းလာမှုအား မက်ဂွိုင်းယားက “လေ့ကျင့်ရေးကွင်းမှာ အလုပ်၊ အလုပ်၊ အလုပ်ပဲ ဆက်တိုက်လုပ်ပြီး ဖြေရှင်းရမှာပေါ့။ အခု ပြိုင်ဘက်တွေဟာ ကျွန်တော်တို့ကို အလွတ်တည်ကန်ဘောကနေ ဂိုးရယူဖို့ ပစ်မှတ်ထားနေကြပြီ ထင်တယ်။ နည်းနည်းထူးဆန်းတဲ့အရာပါ။

ကျွန်တော်တို့ဟာ သူတို့ဆီကတော့ အလွတ်တည်ကန်ဘောကနေ အခွင့်အရေးများများစားစား ရမနေဘူး။ ဒီနေ့မှာ သူတို့ အလွတ်တည်ကန်ဘော အနည်းငယ်ပဲ ရတယ်။ ကျွန်တော်တို့လည်း ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီကနေပဲ တစ်ဂိုးပေးလိုက်ရပြန်တယ်။ အလုပ်ကြိုးစားရမယ်၊ ယုံကြည်မှုရှိရမယ်။

အဲဒါဆိုရင်အားလုံးပြောင်းလဲလာမှာပါ။ ကျွန်တော်တို့မှာ ဧရိယာအတွင်းမှာ ကောင်းကောင်းခုခံနိုင်တဲ့ကစားသမားတွေ ရှိပါတယ်။ ဒါက ပြောင်းလဲလာမှာပါ။ အတူတကွအလုပ်လုပ်ရ့င် ပြောင်းလာမှာ”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ နယူးကာဆယ်နှင့် ရင်ဆိုင်ရပါမယ်။ ဝုဗ်ပွဲမှာ အနီကတ်ပြသခြင်းခံခဲ့ရတဲ့ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကတော့ ပွဲပယ်ကြောင့် နယူးကာဆယ်နှင့်ပွဲမှာ ပါဝင်လာမှာ မဟုတ်ပါဘူး။

အေမိုရမ်ဟာ ဝုဗ်ကို ရှုံးနိမ့်ပြီးနောက် ၁၉၃၂ ခုနှစ်တုန်းက နည်းပြဝေါလ်တားခရစ်မာ နောက်ပိုင်းတွင် ယူနိုက်တက်ကို ပထမဆုံး ကိုင်တွယ်တဲ့ ၁၀ ပွဲမှာ ရှုံးပွဲ ၅ ပွဲ ကြုံတွေ့တဲ့ ပထမဆုံးနည်းပြဖြစ်လာပါတယ်။