သူသာ ယူနိုက်တက် ပိုင်ရှင် ဖြစ်ရင် အသင်းရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ရော်နယ်ဒို ဖွင့်ဟ

ခရစ္စတီယာနိုရော်နယ်ဒိုက သူသာ ယူနိုက်တက် အသင်းပိုင်ရှင် ဖြစ်နေမယ် ဆိုရင် လက်ရှိ ရင်ဆိုင်နေရတဲ့ ကလပ်ရဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းလာမလဲဆိုတာ ဖွင့်ဟလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်သို့ ဒုတိယအကြိမ်မြောက် ပြောင်းရွှေ့ကစားခဲ့ပေမဲ့ ပီယာ့စ်မော်ဂန်နှင့် အင်တာဗျူးတွင် အားလုံးဖွင့်ဟပြောဆိုမှုကြောင့် စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ခရစ္စတီယာနိုရော်နယ်ဒို Al Nassr သို့ထွက်ခွာသွားပြီးနောက်ပိုင်းတွင် တိုးတက်လာခြင်း မရှိဘဲ အဲရစ်တန်ဟက်ကို ထုတ်ပယ်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ အသစ်ရောက်လာတဲ့ ရူဘင်အေမိုရမ်လက်ထက်မှာလည်း တိုးတက်လာခြင်း မရှိဘဲ ၁၀ ပွဲတွင် ၅ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ချစ်သူ ဂျော်ဂျီနာရိုဒရီဂူနှင့်အတူ ဒူဘိုင်းတွင် ကျင်းပတဲ့ Dubai Global Soccer Awards သို့ တက်ရောက်ခဲ့ပြီး သူသာ ယူနိုက်တက်အသင်းပိုင်ရှင် ဖြစ်လျှင် ဘာ လုပ်မလဲဆိုတာ ဖွင့်ဟလာပါတယ်။

၎င်းက “ပရီးမီးယားလိဂ်က ကမ္ဘာမှာ အခက်ခဲဆုံးလိဂ် ဖြစ်ပါတယ်။ အသင်းတိုင်းက ကောင်းတယ်။ အသင်းတိုင်း တိုက်ပွဲဝင်တယ်။ အသင်းတိုင်း ပြေးတယ်။ အသင်းတိုင်း သန်မာတယ်။ အခု ဘောလုံးက ကွဲပြားခြားနားတယ်။ ပွဲတွေက ဘယ်လိုမှ မလွယ်ကူပါဘူး။

လွန်ခဲ့တဲ့တစ်နှစ်ခွဲတုန်းကလည်း ပြောခဲ့ဖူးတယ်။ ဒါကိုပဲ ဆက်ပြောမယ်။ ပြဿနာက နည်းပြမဟုတ်ဘူး။ ဥပမာပြောရရင် ငါးပြတိုက်လိုပဲ။ ငါးက အတွင်းထဲမှာ ရှိတယ်။ ငါးက နေမကောင်းဘူး။ အပြင်ထုတ်လိုက်တယ်။ ပြဿနာကို ဖြေရှင်းတယ်။ ပြီးရင် ငါးပြတိုက်ထဲ ပြန်ထည့်တယ်။ ဒါပေမဲ့ ထပ်ပြီး ဖျားမှာပဲ။

မန်ချက်စတာယူနိုက်တက်ရဲ့ ပြဿနာကလည်း အတူတူပါ။ ပြဿနာက အမြဲ နည်းပြမဟုတ်ဘူး။ အဲဒီထက် ပိုတယ်။ တကယ်လို့ ကျုပ်သာ ကလပ်ပိုင်ရှင်ဆိုရင် အားလုံးကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်မယ်။ ဆိုးတာတွေကို ဟန်ချက်ညီအောင် လုပ်မယ်”လို့ ပြောကြားသွားပါတယ်။