အသင်း ပရဟိတ ငွေပါ မချန် တစ်ပြားကနေ နှစ်ပြားခွာလာတဲ့ ယူနိုက်တက် အသင်းပိုင်ရှင် ရက်ကလစ်ဖ်

မန်ချက်စတာ ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ ကစားသမားဟောင်းများကို အကူအညီပေးနေတဲ့ ပရဟိတ ဖောင်ဒေးရှင်းအတွက် အလှူငွေအား လျှော့ချလိုက်တာကြောင့် ကပ်စီးအိုး Scrooge လို့ ခေါ်ဝေါ်ခြင်းခံနေရပါတယ်။

ယူနိုက်တက်ဟာ ကလပ်ဖောင်ဒေးရှင်းကို တစ်နှစ်လျှင် ပေါင် ၄၀၀၀၀ စီလ ှူဒါန်းလာခဲ့တာလည်း ဖြစ်ပါတယ်။

ပေါင် ၂၃ ဘီလီယံကြွယ်ဝချမ်းသာတဲ့ ဆာဂျမ်ရက်ကလစ်ဖ်ဟာ ဗြိတိန်တွင် အချမ်းသာဆုံးစာရင်းဝင်ပေမဲ့ အသင်းရဲ့လက်မှတ်ဈေးနှုန်းကို မြှင့်တင်ခြင်း၊ ခရစ္စမတ် ဘောနပ်စ်လျှော့ချခြင်းတို့ ပြုလုပ်မှုအတွက် ဝေဖန်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ကစားသမားဟောင်းများကို အကူအညီပေးရေး ပရဟိတအဖွဲ့ Association of Former Manchester United Players ကို ၁၉၈၅ ခုနှစ်တွင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ယခင်တုန်းက လုပ်ခကောင်းကောင်း မရခဲ့တဲ့ ကစားသမားဟောင်းများကို အကူအညီပေးတဲ့အဖွဲ့ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယင်းပရဟိတအဖွဲ့ကို သုံးလလျှင် ပေါင် ၁၀၀၀၀ စီလှူဒါန်းကာ တစ်နှစ်လျှင် ပေါင် ၄၀၀၀၀ လှူဒါန်းခဲ့တာပါ။

ဒါပေမဲ့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ သုံးလပတ် နှစ်ကြိမ်လုံး Association of Former Manchester United Players ထံသို့ ငွေကြေး လွဲပြောင်းလာခဲ့ခြင်း မရှိပါဘူး။

Association of Former Manchester United Players မှ တာဝန်ရှိသူတို့ မန်ချက်စတာ ယူနိုက်တက်ထံ ဆက်သွယ်လာချိန်မှာတော့ ယင်းလှူဒါန်းမှုကို ယူနိုက်တက်ဘက်က ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအနေအထားအရ Association of Former Manchester United Players ဟာ ယူနိုက်တက်ထံမှ အလှူငွေ မရရှိမှုကြောင့် ဆက်လက် လုပ်ဆောင်ရန် ခက်ခဲနေတဲ့အနေအထားသို့ ရောက်နေပါတယ်။