တန်းမဆင်းရဖို့က အဓိက ဖြစ်ပြီး သူလည်း ရာထူးက ပြုတ်နိုင်ကြောင်း နည်းပြ အေမိုရမ် ဝန်ခံလာ
အသင်း ရလဒ်ဆိုးရွားနေမှုနှင့်အတူ ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရနိုင်ကြောင်း ရူဘင်အေမိုရမ်က ဖွင့်ဟပြောကြားလာပါတယ်။
ယူနိုက်တက်နည်းပြက အခြားနည်းပြများကဲ့သို့ပင် ရလဒ်ပိုင်း တိုးတက်လာခြင်း မရှိပါက ထုတ်ပယ်ခြင်းခံလာရမှာ ဖြစ်ကြောင်း ပြောကြားလာတာလည်း ဖြစ်ပါတယ်။
အေမိုရမ်ဟာ လွန်ခဲ့တဲ့ တစ်လကမှ ယူနိုက်တက်နည်းပြရာထူးကို ရယူလာတာ ဖြစ်ပြီး ဝုဗ်ကို ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ၇ ပွဲတွင် ၅ ပွဲမြောက်အရှုံးနဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပြီး တနင်္လာနေ့မှာ အကောင်းဆုံးပုံစံရနေတဲ့ နယူးကာဆယ်နှင့် ရင်ဆိုင်ရပါမယ်။
ယူနိုက်တက်ဟာ အေမိုရမ်လက်ထက် ၁၀ ပွဲမှာ ၅ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယခင်နည်းပြအဲရစ်တင်ဟက်လက်ထက်တုန်းက နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲတည်းသာ ရှုံးနိမ့်ခဲ့တာပါ။
တဖက်တွင် ယူနိုက်တက်ဟာ အေမိုရမ်လက်ထက်မှာ ၁၇ ဂိုးတည်းသာ သွင်းထားနိုင်သလို ပေးဂိုးကလည်း ၁၇ ဂိုးအထိ ရှိထားကာ ယခင်နည်းပြ အဲရစ်တန်ဟက် လက်ထက်တုန်းကထက်တောင် ဆိုးရွားနေပါတယ်။
အေမိုရမ်က “မန်ချက်စတာယူနိုက်တက်နည်းပြဆိုတာ ဘယ်တော့မှ လုံးဝ သက်တောင့်သက်သာ ရှိနေရမှာ မဟုတ်ပါဘူး။ သူတို့က ကျွန်တော့်ကို စာချုပ်ကို ဝယ်ပြီး ခေါ်ယူခဲ့တယ်။ နိုင်ပွဲမရလာဘူးဆိုရင် ဘယ်နည်းပြမဆို အန္တရာယ်ရှိလာတာပါပဲ။ ဒါကို သိထားပြီးသားပါ။
ဒါကြောင့်လည်း ဒီအလုပ်ကို သဘောကျတာ။ ကျုပ်ဒီကို ရောက်တာ တစ်လရှိပြီဆိုပြီး အငြင်းအခုံလုပ်လို့ရတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ လေ့ကျင့်ခန်းအနည်းငယ်ပဲ လုပ်ရသေးတယ်။ နိုင်ပွဲလည်း မရသေးဘူး။ ဒါက အမှန်တရားပါ။
ဘောလုံးမှာ ခက်ခဲတဲ့ ကာလဆိုတာ ရှိစမြဲပါ။ ခက်ခဲလာမယ်ဆိုတာကိုလည်း သိထားပြီးသားပါ။ နိုင်ပွဲတွေ အများကြီး ရယူဖို့အတွက် ဒီစိတ်ကူးအတိုင်း လိုက်ကစားတဲ့ ကစားသမားတွေရှိနေဖို့၊ ပိုကောင်းအောင် လုပ်နေဖို့၊ အလုပ်လုပ်နေဖို့ ကစားသမားတွေ လိုတယ်။
အခုအချိန်မှာ အရမ်း ခက်ခဲတယ်။ တောင့်ခံနိုင်ဖို့ပဲ လိုတယ်။ ပြီးရင် ပိုကောင်းအောင် လုပ်မယ်”လို့ ပြောကြားသွားပါတယ်။
လက်ရှိ ယူနိုက်တက်က အခြေအနေတွေ အဆိုးဆုံး ကြုံနေရတာ ဆိုရင်လည်း မမှားပါဘူး။ ဝုဗ်ကို ရှုံးနိမ့်ပြီးတဲ့နောက် အေမိုရမ်က ယူနိုက်တက်ရဲ့ လက်ရှိ ပစ်မှတ်က ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့သာ ဖြစ်ကြောင်း ဆိုသွားခဲ့ပါတယ်။