ယူနိုက်တက် က နည်းပြ အမော်ရင်နဲ့ဆိုရင် အကောင်းဆုံး ဖြစ်လာနိုင်လို့ ထောက်ခံချက်ပေးလိုက်တဲ့ စီ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် စီရော်နယ်လ်ဒိုဟာ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ ပေါ်တူဂီသားနည်းပြအမော်ရင်ကို အားပေးထောက်ခံခဲ့ပြီး အမော်ရင်ဟာ အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပို့ဆောင်ပေးနိုင်မယ်လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘောက်ဆင်ဒေး ပရီးမီးယားလိဂ်ပွဲမှာ ဝုလ်ဗ်ကို ၂-၀ ဂိုးနဲ့ရှုံးပြီးတဲ့နောက် အမှတ်ပေးဇယားအဆင့် ၁၄ နေရာအထိ ကျဆင်းသွားပြီဖြစ်ပါတယ်။

ဒါပေမဲ့လည်း စီရော်နယ်လ်ဒိုကတော့ တစ်ချိန်က လက်ရွေးစင် အသင်းဖော်ဟောင်းဖြစ်ခဲ့သူ အမော်ရင်ဘက်ကနေ ရပ်တည်ပေးပြီး အားပေးစကားဆိုခဲ့ပါတယ်။

Globe Soccer Awards ဆုပေးပွဲအခမ်းအနားမှာ စီရော်နယ်လ်ဒိုက “ကျွန်တော့်ရဲ့ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းအသင်းမှာ အမော်ရင်ဟာ အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပေါ်တူဂီလိဂ်နဲ့ တခြားစီဖြစ်ပြီး ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပြိုင်ပွဲလည်းဖြစ်ပါတယ်။”

“အဲဒါကြောင့် အမော်ရင်ရဲ့ ယူနိုက်တက်နည်းပြဘဝက ခက်ခဲကြမ်းတမ်းပြီး မုန်တိုင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရမယ်ဆိုတာ ကျွန်တော်သိထားပြီးသားပါ။ ဒါပေမဲ့ တစ်ချိန်ကျရင် မုန်တိုင်းတွေ အဆုံးသတ်ပြီး နေရောင်ခြည် ထွက်ပေါ်လာဦးမှာဖြစ်ပါတယ်။”

“ယူနိုက်တက်အသင်းဟာ အမော်ရင်နဲ့ဆိုရင် အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်အသင်း အောင်မြင်မှုတွေရယူနိုင်ပါစေလို့ ကျွန်တော်မျှော်လင့်ပြီး ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်ဟာ ကျွန်တော် အခုအထိ ချစ်မြတ်နိုးနေရဆဲ ကလပ်ဖြစ်နေတာကြောင့်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက အဲရစ်တန်ဟက်နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရသူ အမော်ရင်ဟာ ယူနိုက်တက်နည်းပြဘ၀ ပထမဆုံး ၁၀ ပွဲကိုင်တွယ်အပြီးမှာပဲ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး အမော်ရင်က အသင်းရဲ့ရလဒ်တွေသာ တိုးတက်မှု မရှိဘူးဆိုရင် သူလည်း ရာထူးက အထုတ်ခံရနိုင်တယ်လို့ ဝန်ခံပြောဆိုထားပါတယ်။