ယူနိုက်တက် အတွက် ရှေ့ကစံပြ မဖြစ်ဘဲ ဆွဲချနေတဲ့ အသင်းသားကို ဆောင်းနက် ဖော်ထုတ်
အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က ယူနိုက်တက်အတွက် စံပြ လို ဦးဆောင်ရမယ့် အစား အသင်း အတွက် အရှက်ရစရာ၊ ပုံရိပ်ထိစရာ ဖြစ်နေကြောင်း ဂရေမီ ဆောင်းနက်စ်ကတော့ မညှာတမ်း ထောက်ပြ သုံးသပ်လိုက်ပါတယ်။
ဘရူနို ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဝုဗ်ကို ရှုံးတဲ့ပွဲမှာလည်း အနီကတ် ထိကာ ထုတ်ပယ်ခံခဲ့ရပါတယ်။
ပရီးမီးယားလိဂ်မှာ ဖန်တီးမှု အကောင်းဆုံး ပလေးမိတ်ကာ တွေထဲ ပါဝင်တဲ့ ဖာနန်ဒက်စ်ဟာ သူ့ စွမ်းရည်ပိုင်း အသိအမှတ် ပြုစရာ ဖြစ်ပေမယ့် အသင်း ရှုံးနိမ့်နေချိန် ကွင်းထဲက အပြုအမူတွေက မကြာခဏ ဝေဖန် ထောက်ပြ ခံရလေ့ ရှိပါတယ်။

အခုလည်း ဂရေမီ ဆောင်းနက်စ်က ” ပွဲထဲ အခြေအနေ မကောင်းဘူး ဆိုရင် လက်မောင်းကို မြှောက်ပြီး စိတ်ကုန်ဟန် လုပ်ပြတာ၊ အသင်းဖော်တွေကို ကြည့်ပြီး ပခုံးတွန့် လုပ်ပြတာတွေက အပြုအမူကောင်းတွေ မဟုတ်ဘူး။
သူက ကပ္ပတိန် လက်ပတ် ဝတ်ထားတာလေဗျာ။ အသင်းက ခေါင်းဆောင် လိုချင်တာ၊ အားလုံးရဲ့ အရှေ့မှာ စံနမူနာပြ အနေနဲ့ ရပ်တည်ရမှာ။
သူက ကိုဘေး မိုင်နူးတို့ အာမတ် ဒီယာလို၊ ဂါနာချို တို့ကို ဘယ်လို စံနမူနာပြများ လုပ်ပေးနေသလဲ ကြည့်ကြဦး။ ပွဲထဲမှာ ဒီလူငယ်လေးတွေက တတ်သလို မှတ်သလို လုပ်နေကြရတယ်။
အခုဆို သူက မန်ချက်စတာ ယူနိုက်တက် အတွက် အရှက်ရစရာတောင် ဖြစ်လာနေပြီ။ အရည်အသွေးပိုင်းက သံသယ ဖြစ်စရာ မရှိပါဘူး။ သူကတော့ သူက အကောင်းဆုံး အသင်းတွေထဲမှာ ကစားနေရသင့်တာလို့ တွေးရင် တွေးမှာပေါ့။ ဒါပေမယ့် အခုက မဟုတ်ဘူးလေ။
သူက အနှုတ်လက္ခဏာ ဆောင်တဲ့ အပြုအမူတွေနဲ့ပဲ သူ့ ပတ်ဝန်းကျင်က သူတွေကို ဆွဲချနေတယ်။ ဝုဗ်နဲ့ ပွဲမှာ ဆို သူက အထုတ်တောင် ခံလိုက်ရသေးတယ်။ ” လို့ ဒေးလီးမေးလ်မှာ ရေးသား ဖော်ပြသွားခဲ့ပါတယ်။