ပွဲဆက် အရှုံး၊ နည်းပြ အမော်ရင်ရဲ့ ထိုင်ခုံ လှုပ်လာခြင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် ပုံပေါ်လာတဲ့ တန်းဆင်းဇုန်
မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက အိုးလ်ထရက်ဖို့ဒ်မှာ နယူးကာဆယ်ကို ခေါ်ပြီး နှစ်သစ်လက်ဆောင်အဖြစ် အနိုင် ၃ မှတ်ပေးလိုက်ပြန်ပါတယ်။
၃-၄-၃ ကလွဲရင် ကျန်တဲ့ကစားကွက် မသုံးတတ်တဲ့ နည်းပြနဲ့ ၃-၄-၃ ကစားကွက်ကို ဘယ်လိုမှ အံဝင်အောင် မကစားနိုင်တဲ့ ကစားသမားတွေ ပေါင်းစပ်လိုက်တဲ့အခါ ယူနိုက်တက်အသင်းရဲ့ လိဂ်ချန်ပီယံရှစ် အိပ်မက်တွေက တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါပြီ။
အခုပွဲက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာကစားတာလား၊ စိန့်ဂျိမ်းပါ့ခ်မှာကစားတာလားဆိုတာ မကွဲပြားလောက်အောင် ပထမပိုင်းတစ်ပိုင်းလုံး နယူးကာဆယ်အသင်းက ယူနိုက်တက်ဂိုးပေါက်ကို တစ်ချိန်လုံး ခြိမ်းခြောက်ခဲ့ပြီး ယူနိုက်တက်ဘဝက မိနစ် ၃၀ ကျော်မှ ပထမဆုံး ဂိုးပေါက်ကန်ချက် လုပ်နိုင်တဲ့အထိ အဖြစ်ဆိုးခဲ့ရပါတယ်။
ဘရူနိုဖာနန်ဒက်စ် မပါနိုင်လို့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတဲ့ လီဆန်ဒရိုမာတီနက်ဇ်ဟာ တမင်တကာများ ဂိုးပေးရအောင် လုပ်နေသလိုပါပဲ။
ပထမဂိုးက သူ့ရှေ့က လွတ်နေတဲ့ အီဆက်ခ်ကို Marking မလုပ်ဘဲ လွှတ်ပေးတာကနေ အီဆက်ခ်က ခေါင်းတိုက် သွင်းခဲ့ပြီး ဒုတိယဂိုးကလည်း ဂျိုလင်တန်ရဲ့ Body အားသာချက်ကို မထိန်းနိုင်တာကြောင့် ဂျိုလင်တန်က သူနဲ့ အပြိုင်ခေါင်းတိုက် သွင်းခဲ့တာဖြစ်ပါတယ်။
အဖိုးကြီးတွေဖြစ်တဲ့ အဲရစ်ဆင်၊ ကတ်စ်မဲရိုးတို့ရဲ့ကွင်းလယ်က နယူးကာဆယ်ကို ဘယ်လိုမှ မယှဉ်နိုင်တာကြောင့် အမော်ရင်က မိနစ် ၃၀ ကျော်မှာပဲ ဇာ့ခ်ဇီကို ကိုဘီမင်နူးနဲ့လူစားလဲပြီးတော့ ကွင်းလယ်အပြောင်းအလဲလုပ်ခဲ့ရပါတယ်။
ပထမပိုင်းမှာ တိုနယ်လီရဲ့ အပိုင်ကန်ချက် တိုင်ထိသွားလို့်သာ ယူနိုက်တက် ကံကောင်းခဲ့ပြီး မဟုတ်ရင် ပထမပိုင်းမှာကတည်းက ၃-၀ ဂိုးပြတ်သွားမှာပါ။
ယူနိုက်တက်ဘက်က ဟွိုင်လန်း၊ ကတ်စ်မဲရိုးတို့ အပိုင်ဂိုးသွင်းခွင့်တွေကို လွဲချော်ခဲ့သလို ဒုတိယပိုင်းမှာလည်း မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက် တိုင်ထိခဲ့တာကြောင့် အိမ်ကွင်းမှာ ချေပဂိုးတောင် မရဘဲ ၂-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၃ ပွဲဆက် အရှုံးနဲ့အတူ တန်းဆင်းဇုန် အဆင့် ၁၉ နေရာက အစ်ဆွစ်ချ်နဲ့ ၇ မှတ် သာ ကွာတော့လို့ ဒီအတိုင်းဆိုရင် အမော်ရင်ရဲ့ ယူနိုက်တက်နည်းပြဘဝက လပိုင်းအတွင်းမှာပဲ အဆုံးသတ် ရဖွယ် ရှိနေပါတယ်။