နှစ်ပေါင်း ၆ဝ အတွင်း အဆို-းဆုံး အခြေစိုက်နေပေမယ့် ဒီကစားကွက်ကို ဆက်သုံးမှာ ဆိုတဲ့ အမော်ရင်
မန်ချက်စတာ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ နယူးကာဆယ် ကို ၂-၀ နဲ့ ရှုံးနိမ့်ကာ အဆင့် ၁၄ နေရာမှာ ဆက်ရှိနေခဲ့ပြီး တန်းဆင်းဇုန်နဲ့ ပိုမို နီးကပ်လာခဲ့ပါတယ်။
ဒါ့အပြင် နယူးကာဆယ်ကို ရှုံးနိမ့်ပြီးတဲ့နောက် ယူနိုက်တက်ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ၁၉၇၂ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲအရပ်ရပ် အိမ်ကွင်း ၃ ပွဲဆက်ရှုံးပွဲကြုံတွေ့နေရပါတယ်။
ယူနိုက်တက်ဟာ ဆာမတ်ဘတ်စ်ဘီလက်ထက် ၁၉၆၂-၆၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်း ၃ ပွဲဆက်တိုက်အရှုံးနှင့် ကြုံတွေ့လာတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြ ရူဘန် အမော်ရင် ကတော့ စပို့တင်းအသင်းမှာ ကစားခဲ့တဲ့ နောက်တန်း ၃ ယောက် ကစားကွက်ကို ဆက်ပြီး အသုံးပြုသွားမယ် လို့ နယူးကာဆယ်အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။
အမော်ရင် ဟာ အဆိုပါပွဲမှာ မိနစ် ၃၀ ကျော်တည်းနဲ့ ဇက်ဇီး ကို လူစားလဲခဲ့သလို လူစာရင်းထဲ ပြန်ပါလာခဲ့တဲ့ ရက်ရှ်ဖိုဒ့် ကိုလည်း ထည့်မသုံးသွားခဲ့ပါဘူး ။ အဆိုပါကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့
“ကျွန်တော် ကတော့ ကိုယ့်အသင်းအတွက်ကိုပဲ အဓိက အာရုံစိုက်ထားပါတယ်။ ခင်ဗျားတို့တွေကတော့ ရက်ရှ်ဖိုဒ့် အကြောင်းကိုပဲ တွေးနေကြတာလား မသိပါဘူး။
ဒီအတွက် ကျွန်တော့မှာ ပြောစရာမရှိပါဘူး။ ဇက်ဇီးကို အစောကြီး လူစားလဲခဲ့ရတာကတော့ အသင်းက ကွင်းလယ်ကို အားဖြည့်ဖို့လိုအပ်နေတယ်လို့ ထင်ခဲ့တာကြောင့်ပါ။
တကယ်လို့ ကျွန်တော် ထွက်သွားတာက အသင်းအတွက်အကောင်းဆုံး ဖြစ်မယ်ဆိုရင် ကျွန်တော်သွားမှာပါ။ ဒါပေမယ့် ကျွန်တော့် ကစားပုံကိုတော့ ဆက်သုံးသွားဦးမှာပါပဲ၊ ကျွန်တော့ရဲ့ အယူအဆတွေနဲ့ဆက်ရှိနေဦးမှာပါ။ အဲ့ဒီ အပေါ်မှာလည်း ကျွန်တော် ယုံကြည်မှုရှိပါတယ်” လို့ အမော်ရင် က ပြောဆိုသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် ၂၀၂၅ မှာတော့ အဆင့် ၁ က လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ်။