အိုနာနာ ကို စိတ်ရှည်ပေးဖို့ ထက် လက်လွှတ် လမ်းခွဲလိုက်သင့်ပြီ လို့ ထောက်ပြ အကြံပြုလာသူ
ဒီ ရာသီကုန်လို့မှ ဂိုးသမား အင်ဒရေ အိုနာနာရဲ့ အခြေအနေ တိုးတက်မလာရင် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ စိတ်ရှည်နေဖို့ထက် လမ်းခွဲလိုက်ဖို့ အကြံပေးမှု ထွက်ပေါ်လာပါတယ်။
ဒီစကားကို ပြောလာသူက အိုနာနာလိုပဲ စီးရီးအေမှာ တောက်ပခဲ့ပြီး ယူနိုက်တက်မှာ မအောင်မြင်တဲ့နောက် အီတလီကို ပြန်ပြောင်းသွားတဲ့ ဂိုးသမားဟောင်း တေဘီပဲ ဖြစ်ပါတယ်။
” ကျနော်ကတော့ အိုနာနာကိုပဲ တိုက်ရိုက်ကြီး လက်ညှိုးထိုးမယ်ဗျာ။ ဥရောပရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ သူက ပုံမှန် စွမ်းဆောင်ရည်အောက်ကို ရောက်နေပါတယ်။
ဝေဖန်ခံရမှုတွေရှိနေပြီး ရာသီကုန်ထိ သူ့ရဲ့ အခြေအနေ တိုးတက်မလာခဲ့ရင် ရောင်းထုတ်လိုက်သင့်ပါပြီ။ ယူနိုက်တက် ပတ်ဝန်းကျင်က သူ့အတါက် အဆင်မပြေဘူးထင်ပါတယ်။
ပေါင်းစပ်မှုမှာ အက်ကြောင်းတွေလည်း ပေါ်နေတယ်ဆိုရင် ရှေ့ဆက်ဖို့ အဓိပ္ပာယ်မရှိပါဘူး။ ” လို့ ဂိုးသမား Massimo Taibi က မှတ်ချက်ပေးခဲ့တယ်။
သူကတော့ ” အသင်းတစ်သင်းမှာ ကိစ္စတွေက အဆင်မပြေဖြစ်နေတယ် ဆိုရင် အကောင်းဆုံး နည်းလမ်းက ခပ်မြန်မြန် လမ်းခွဲလိုက်တာပါပဲ ” ဆိုကာ အိုနာနာကို အမြန်ဆုံး ရှင်းထုတ်ဖို့လည်း အကြံပေးသွားပါတယ်။
အိုနာနာဟာ ယူနိုက်တက်မှာ တည်ငြိမ်တဲ့ လက်စွမ်း ပြသနိုင်ခြင်း မရှိသလို ပရိသတ်တွေကြားမှာလည်း ရေပန်းစားမှု လျော့ကျနေသူ တစ်ဦးပဲ ဖြစ်ပါတယ်။