စံချိန်တင် သန်း ၉ဝဝ စပွန်ဆာ စာချုပ်ကို ဖျက်ပစ်နိုင်တယ်လို့ ယူနိုက်တက်အား အက်ဒီးဒက် သတိပေး
မန်ချက်စတာ ယူနိုက်တက် ဟာ အရှုံးရလဒ်တွေထဲက ရုန်းမထွက်နိုင်ဘဲ ဒီရာသီ အခြေမလှရင် ပေါင် သန်း ၉ဝဝ တန် စပွန်ဆာပေးထားတဲ့ အက်ဒီးဒက် ဘက်က စာချုပ်ဖျက်ခွင့် ရှိနေပါတယ်။ ဒီအတွက်လည်း အက်ဒီးဒက်ဘက်က သတိပေးထားတယ် လို့ သတင်းထွက်လာပါတယ်။
ဆယ်စုနှစ် တစ်ခုစာ ကြာမယ့် စပွန်ဆာ စာချုပ်ကို ဇူလိုင် ၂၀၂၃ ကမှ ယူနိုက်တက်နဲ့ အက်ဒီးဒက်တို့ ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ တန်ကြေးအမြင့်ဆုံး စာချုပ်လည်း ဖြစ်ပါတယ်။
ဒီစာချုပ် အရ ယူနိုက်တက်ဟာ တစ်ရာသီ သန်း ၉ဝ ရရှိနေတာ ဖြစ်ပြီး ဒီလို သမိုင်းဝင် လက်တွဲ ပါတနာကြီးဟာ အသင်းသာ တန်းဆင်းသွားမယ် ဆိုရင် ဆက်လက် လက်တွဲသွားဖွယ် မရှိပါဘူး။
နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲထိ ရှုံးပြီးတဲ့နောက် ယူနိုက်တက်ဟာ အဆင့် ၁၄ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၇ မှတ် အကွာ ရောက်နေပါတယ်။
ယူနိုက်တက်နဲ့ အက်ဒီးဒက်ရဲ့ စာချုပ်ထဲမှာ ကလပ်အသင်းက သူတို့ brand ပုံရိပ်ကို ထိခိုက်စေလာလျှင် (တန်းဆင်းရလျှင်) ငွေပေးချေမှုကို ရပ်တန့်ပစ်နိုင်ပြီး တစ်နှစ် ကြိုတင် အသိပေးကာ စာချုပ်ကိုလည်း ဖျက်သိမ်းနိုင်ခွင့် ရှိနေပါတယ်။
အက်ဒီးဒက် အနေနဲ့ တစ်နှစ် ကြို အသိပေးထားတဲ့ ကာလအတွင်းမှာလည်း စပွန်ဆာကြေးကို ၅ဝ% ထိ လျှော့ချပိုင်ခွင့် ရှိနေပါသေးတယ်။
နာမည်ကြီး စပွန်ဆာ တစ်ခုကသာ နောက်ဆုတ် စာချုပ်ဖျက်သိမ်း သွားတာမျိုး ကြုံရရင် မန်ချက်စတာ ယူနိုက်တက် အတွက် ငွေကြေး အရရော ဂုဏ်သိက္ခာပိုင်း အရပါ ထိခိုက်မှုကြီးမှာ ဖြစ်ပြီး ဆာဂျင် ရက်ကလစ်ဖ် ကိုင်တွယ်နေတဲ့ အသင်း စီမံမှုပိုင်းရဲ့ ကျရှုံးမှုကြီး ဖြစ်လာဖွယ်ပါ ရှိနေပါတယ်။