ဒီည လီဗာပူး – မန်ယူပွဲ ရွှေ့ဆိုင်းနိုင်တဲ့ အလားအလာတွေ ဖြစ်ပေါ်နေပါပြီ

ဒီည လီဗာပူးမြို့၊ အန်းဖီးကွင်းမှာ ကန်ကြမယ့် လီဗာပူး – မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ရာသီဥတု အခြေအနေကြောင့် ပွဲပျက်သွားပြီး ကန်မယ့်ရက် ရွှေ့သွားရမယ့်အရေး ရင်ဆိုင်နေရပါတယ်။

ဒီ တနင်္ဂနွေ ညနေပိုင်း ကန်မယ့် ပွဲမှာ အိမ်ရှင် လီဗာပူးအသင်းက အင်အားသိပ်ကောင်းနေပြီး ဂိုးပြတ် နိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့် မဟာပြိုင်ဘက်ပီပီ မန်ချက်စတာ ယူနိုက်တက်က ဘယ်လို တုန့်ပြန်မလဲ ဆိုတာတော့ ပွဲကန်ချိန်ကျမှ သိကြရမှာပါ။

မာဆေးဆိုဒ် ဒေသမှာ နှင်းတွေ များစွာ ကျနေပြီး မိုးသည်းထန်မှုပါ ရှိမှာ ဖြစ်တယ်လို့ ဒီ တနင်္ဂနွေနေ့ ရာသီဥတု ခန့်မှန်းချက်မှာ ဖော်ပြထားခဲ့ပြီး လမ်းတွေလည်း ပိတ်နေပြီ ဖြစ်ကာ တချို့က အိမ်ထဲမှာ နေ နေကြပြီ ဖြစ်ပါတယ်။

နှင်းနဲ့ မိုး ပြင်းထန်မယ့် ရာသီဥတု အခြေအနေက တနင်္ဂနွေ ည 23.59pm အထိ သတိထားကြဖို့ မိုးလေဝသဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

အန်းဖီး ကွင်းနဲ့ ပတ်ဝန်းကျင်ဟာ နှင်းထုကြီး ဖြစ်နေလောက်ပြီ ဖြစ်ပြီး ဒီည ပွဲကလည်း ကန်နိုင်ပါ့မလား အခြေအနေ ဆိုက်ရောက်နေပါတယ်။

ပွဲမတိုင်ခင် ဒီနေ့မှာ A Safety Advisory Group အစည်းအဝေး ပြုလုပ်မှာ ဖြစ်ပြီး နှစ်ဘက် အသင်း တာဝန် ရှိသူတွေ၊ မာဆေးဆိုဒ် ရဲတပ်ဖွဲ့နဲ့ လီဗာပူး မြို့တော်ဝန် ကောင်စီ တို့လည်း တက်ရောက်ဖို့ ရှိနေပါတယ်။

မနေ့က စနေနေ့မှာတော့ ကွင်းထဲ ရေခဲပြီး အခြေအနေဆိုးတာကြောင့် non-League ပွဲ တချို့ ပွဲဖျက်ခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ ဒီဇင်ဘာလ အစောပိုင်းတုန်းကလည်း ရာသီဥတု ဆိုးဝါးမှုကြောင့် အဲဗာတန်နဲ့ မာဆေးဆိုဒ် ဒါဘီပွဲကို ပွဲရွှေ့ထားခဲ့ရပြီး လက်ကျန် တစ်ပွဲ ကန်ဖို့ ရှိနေပါသေးတယ်။