လီဗာပူးကို အနိုင် မကန်နိုင်ခဲ့လို့ ရှယ်တင်းနေတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်း
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အန်းဖီးမှာ လီဗာပူးကို သွားရောက် ရင်ဆိုင်ကစားရာ ၂-၂ နဲ့ သရေ ကျသွားခဲ့ပါတယ်။
လတ်တလော ခြေစွမ်းပိုင်း အရမ်း ကွာဟနေတဲ့ နှစ်သင်း ဖြစ်တာကြောင့် ဒီပွဲကို ယူနိုက်တက်တို့ ဂိုးပြတ် ရှုံးမယ်ချည်း အားလုံးက ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့် ပွဲပြီးခါနီး မက်ဂွဲရားသာ မလွဲချော်ခဲ့ရင် ယူနိုက်တက်တို့ ဒီပွဲကို အနိုင်ရလဒ်နဲ့တောင် သိမ်းနိုင်ခြေ ရှိခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ အမ်မိုရင်းကတော့ လီဗာပူးနဲ့ ပွဲကနေ သရေတစ်မှတ်ပဲ ရတဲ့ အပေါ် အတော် မကျေမနပ် ဖြစ်နေပြီး သူ့ရဲ့ ဘဝင်မကျမှုကို အခုလိုပဲ ပြောဆိုခဲ့ပါတယ်။
” ဒီပွဲကနေ တစ်မှတ်ပဲ ရခဲ့တယ်။ ယူနိုက်တက်က အမှတ်ရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် တစ်မှတ်ပဲ ဖြစ်နေတယ်။ ကျွန်တော်တို့ ဒီအတွက် စိတ်တို၊ အမျက်ထွက်သင့်တယ် လို့ ထင်တယ်။
အရင်ပွဲတွေ ဖြစ်တဲ့ ဘုန်းမောက်၊ နယူးကာဆယ်၊ နော်တင်ဟမ် ဖောရက်စ်တို့နဲ့ ပွဲတွေတုန်းကထက်၊ အဲဒီရက်တွေတုန်းကထက် ဒီနေ့ပွဲ တစ်မှတ်ပဲ ရတာကို ကျွန်တော်တို့ စိတ်တိုသင့်တယ်။ ” လို့ အမ်မိုရင်းက ပြောဆိုသွားခဲ့ပါတယ်။
ဒီ မက်ေ်ဆ့်ချ်ကို ယူနိုက်တက် အသင်းသားတွေဆီ စကားပါးချင်သလား အမေးကိုတော့ အမ်မိုရင်းက ” နိုးပါ။ တော်ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တည်တည်ငြိမ်ငြိမ်နဲ့ သူတို့ကို ပြောရမှာပါ။ အခုက အသင်းမှာ ခက်ခဲတဲ့ ကာလ ဖြစ်နေတယ်။ ဒါပေမယ့် စိတ်မတိုဘဲတော့ မနေနိုင်အောင်ပဲဗျာ။
ကျွန်တော်တို့သာ လီဗာပူးနဲ့ နေ့တိုင်း ကစားရင် ဒီလို ကစားပုံ ထွက်မှာပဲ။ ဒါမျိုး တခြားပြိုင်ဘက်တွေနဲ့ တွေ့ရင်လည်း ကစားပြဖို့ လိုပါတယ်။ စွမ်းဆောင်ရည်ပိုင်းကို ကျွန်တော် ကျေျနပ်ပါတယ်။ ပွဲ ရလဒ်ကိုတော့ မကျေနပ်ဘူး။ ” လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။