ပေါလ် စခိုးတောင့် အံ့အားသင့်သွားရအောင် စွမ်းဆောင်ပြခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသား

မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကြီး ပေါလ် စခိုးက လီဗာပူးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲက မန်နူရယ် အူဂါတီရဲ့ ဘောလုံးကိုင်ကစားနိုင်တဲ့ အရည်အသွေးကြောင့် အံ့ဩခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

ရူဘင် အမိုရင်ရဲ့ အသင်းက တနင်္ဂနွေနေ့ညက အန်းဖီးမှာ သရေ ၁ မှတ် ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့တဲ့ပွဲမှာ အူဂါတီက မန်ယူနိုက်တက်ဂျာစီနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။

ဧည့်သည်တွေဟာ ပွဲပြီးဆုံးခါနီးမှာ နောက်ကျအနိုင်ဂိုး သွင်းယူနိုင်မယ့် ရွှေရောင်အခွင့်အရေးရခဲ့ပေမယ့်လည်း မက်ဂွိုင်းယားက အဆုံးမသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်နူရယ် အူဂါတီဟာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့တာဖြစ်ပြီး လီဗာပူးနဲ့ပွဲမှာ အားအင်အပြည့်နဲ့ ပွဲထွက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးကွင်းလယ်ကစားသမားဟာ နည်းပြ အမိုရင် စိတ်မပျက်ရလေအောင် လီဗာပူးကွင်းလယ်ကစားသမား ၃ ဦးဖြစ်တဲ့ မက္ကယ်လစ္စတာ၊ ဂရာဗင်ဘာ့ချ်၊ ကာတစ် ဂျုံးစ်တို့နဲ့ ရင်ဆိုင်ရာမှာ အထင်ကြီးစရာခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အူဂါတီဟာ အမိုရင်ရဲ့ မဖြစ်မနေ ပွဲထွက်လူစာရင်းထဲမှာ ရွေးချယ်ရမယ့်သူ ဖြစ်လာပြီဆိုတဲ့ ပြောဆိုမှုတွေအပေါ် ပေါလ် စခိုးက –

ဟုတ်ပါတယ်။ သူ့ကို ရွေးမှဖြစ်မယ်။ ကျွန်တော်ထင်တယ် သူနဲ့ ကျန်တဲ့ ကွင်းလယ် ကစားသမားအားလုံး တွဲကစားနိုင်မှာပါ။ မိန်းနူး အဆင်ပြေနေတဲ့အချိန်ဆိုရင် အကောင်းဆုံးဖြစ်မယ်ထင်တယ်။ မိန်းနူးက ပွဲကစားရပြီဆိုရင် သူ့ကြံ့ခိုင်မှုကလည်း ပိုကောင်းလာပါတယ်။

တကွင်းလုံးက လူတွေနဲ့ တွဲကစားနိုင်ဖို့က အရေးကြီးပြီး မန်ယူနိုက်တက်ကို ကြည့်လိုက်ရင် ဘာအတွဲမှ တွေ့ရမှာမဟုတ်ဘူး။ ကစားသမားတွေကြားမှာလည်း ဘာအချိတ်အဆက်မှ မရှိနေဘူး။ ကွင်းလယ်နဲ့ တိုက်စစ်ကြားမှာလည်း အချိတ်အဆက်မရှိဘူး။ အူဂါတီနဲ့ နောက်ထပ်တယောက်က အသင်းအတွက် ကစားပေးနိုင်တယ်ဆိုတာထက် ပိုပါတယ်။

အဲဒါက အူဂါတီရဲ့ ခြေထောက်တွေကြောင့်တင်မဟုတ်ဘဲ ဘောလုံးနဲ့အတူ သူ့ရဲ့ အရည်အသွေးတွေကြောင့်လည်း ပါတယ်လို့တောင် ကျွန်တော် တွေးမိပါတယ်။ အဲဒါက ကျွန်တော့်ကို နည်းနည်း အံ့အားသင့်စေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပီအက်စ်ဂျီမှာတုန်းက သူ့ဆီက ကျွန်တော် နည်းနည်းပဲ မြင်ခဲ့ရလို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။