ကမ်းလှမ်းမှုကောင်း ရရင် ကစားသမား အားလုံးကို ရောင်းချဖို့ ယူနိုက်တက်က လက်ခံစဉ်းစားသွားမည်
မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီဈေးကွက်က စလို့ နည်းပြဟောင်းအဲရစ်တန်ဟက်လက်ထက်တုန်းက Untouchable ဖြစ်ခဲ့တဲ့ ကစားသမား ၂ ဦးအပါအဝင် တစ်သင်းလုံးအတွက် ကမ်းလှမ်းမှုအား လက်ခံစဉ်းစားသွားတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဆာဂျင်ရက်ကလစ်ဖ်က အသင်းရဲ့ ရှယ်ယာအချို့ကို ဝယ်ယူကာ ဘောလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ရယူပြီးနောက် ကွင်းအတွင်း ရုန်းကန်လာခဲ့ရပါတယ်။
ယူနိုက်တက်ဟာ နွေရာသီတုန်းက ပေါင်သန်း ၂၀၀ အထိ အသုံးပြုကာ ကစားသမားဝယ်ယူအားဖြည့်ပေးခဲ့ပေမဲ့လည်း ရလဒ်ဆိုးရွားမှုကြောင့် ဒတ်ချ်လူမျိုးနည်းပြအဲရစ်တန်ဟက်ကို ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါတယ်။
၎င်းတို့ဟာ အသစ်ခန့်အပ်လာတဲ့ နည်းပြ ရူဘန် အေမိုရမ် လက်ထက်မှာလည်း ရုန်းကန်နေရတုန်း ဖြစ်ပါတယ်။
အထူးသဖြင့် အေမိုရမ် အသုံးပြုနေတဲ့ ၃-၄-၃ ကစားကွက်ဖြင့် ကစားသမားအများစုမှာ အံဝင်နေခြင်း မရှိပါဘူး။
ဒါကြောင့်လည်း ရက်ကလစ်ဖ်ဟာ အသင်းရှိ မည်သည့် စီနီယာစတားကိုမဆို ရောင်းချခွင့်ပြုကာ အေမိုရမ်အနေဖြင့် အသင်းကို စိတ်ကြိုက် တည်ဆောက်ခွင့် ပေးလာပါတယ်။
ယင်းသို့ အနေအထားကြောင့် ယူနိုက်တက်ဟာ အသင်းရှိ မည်သည့်ကစားသမားကိုမဆို သင့်တော်တဲ့ ဈေးနှုန်းဖြင့် ကမ်းလှမ်းလာလျှင် ရောင်းချလာမှာလည်း ဖြစ်ပါတယ်။
ဒါကြောင့် အကယ်ဒမီထွက် ပါရမီရှင်များဖြစ်ကြတဲ့ ကိုဘီမိုင်နူး၊ အလီဂျန်ဒရိုဂါနာချိုတို့အပြင် လက်ရှိ အသင်းရဲ့ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ကစားသမားများဖြစ်ကြတဲ့ အာမက်ဒီရယ်လိုနှင့် ဘရူနိုဖာနန်ဒက်စ်တို့လည်း ရောင်းချခံလာရနိုင်ပါတယ်။၊
တဖက်တွင် ယူနိုက်တက်ဟာ နှစ်အတန်ကြာ အပြောင်းအရွှေ့ အသုံးစရိတ်များစွာ အသုံးပြုလာပြီးနောက် ပရီးမီးယားလိဂ်ရဲ့အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်းနှင့် ဟန်ချက်ညီရန်အတွက် ကစားသမားခေါ်ယူရန် ကစားသမားရောင်းချရမဲ့ အခြေအနေဆိုက်နေပါတယ်။
ယူနိုက်တက်အနေဖြင့် အကယ်ဒမီထွက် ကစားသမားများဖြစ်ကြတဲ့ မားကပ်စ်ရက်ဖို့ဒ်၊ ကိုဘီမိုင်နူး၊ အလီဂျန်ဒရိုဂါနာချို့တို့အား ရောင်းချပါက ယင်းမှ ရရှိတဲ့ ငွေကြေးကို အသားတင်အမြတ်အဖြစ် စာရင်းတင်လာနိုင်ပါမယ်။
ရက်ဖို့ဒ်မှာ ယခုဇန်နဝါရီလတွင် ယူနိုက်တက်မှ ထွက်ခွာရန် သေချာသလောက် ရှိနေသူ ဖြစ်ပြီး အငှားဖြင့် ထွက်ခွာဖို့ ရှိနေပါတယ်။ သူကို အေစီမီလန်၊ ဒေါ့မွန်အပါအဝင် ပရီးမီးယားလိဂ်ကလပ်များလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြပါတယ်။
ယူနိုက်တက် အသင်းသားတွေထဲက ဇက်ဇီးကို ဂျူဗင်တပ်က စိတ်ဝင်စားနေပြီး ကက်စ်မီရိုကိုလည်း ဆော်ဒီကလပ်အချို့က စိတ်ဝင်စားနေပါတယ်။