ဇန်နဝါရီလထဲ ဦးဆုံး ကမ်းလှမ်းလာတဲ့ ကလပ် အသင်းကို မားကပ် ရက်ရှ်ဖို့ဒ် တခါတည်း ငြင်းပယ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က တူရကီ ထိပ်သီးအသင်းကြီးဖြစ်တဲ့ ဂလာတာဆာရေးအသင်းရဲ့ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့လမှာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေချင်တယ်လို့ ပြောဆိုခဲ့ပြီး အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်တဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောဆိုထားသူဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ လီဗာပူးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲအပါအဝင် မန်ယူနိုက်တက်ရဲ့ နောက်ဆုံး ၆ ပွဲစလုံးမှာ ပါဝင်ကစားခွင့် မရရှိခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ကြီးမားတဲ့ တပတ်လုပ်ခလစာ ပေါင် ၃၂၅၀၀၀ ကြောင့် ခေါ်ယူချင်နေတဲ့အသင်းတွေအတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်နေတာဖြစ်နေတာပါ။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ အင်္ဂလန်တိုက်စစ်မှူးကို ဒီရာသီကုန်ထိ အငှားနဲ့ခေါ်ယူဖို့ ဂလာတာဆာရေးအသင်းက ကမ်းလှမ်းမှု ပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒေါ့မွန်အသင်းကလည်း အေစီမီလန်၊ ဂျူဗင်တပ်တို့နဲ့အတူ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။