မန်ယူအတွက် သမိုင်းမှတ်တိုင်သစ် ကိုယ်တိုင် စိုက်ချင်တယ်လို့ ကြွေးကြော်ပြီး စာချုပ်သစ် ချုပ်လိုက်တဲ့ အာမက် ဒီရယ်လို

မန်ချက်စတာယူနိုက်တက်ဟာ အာမက် ဒီရယ်လိုကို အိုးထရက်ဖို့ဒ်တွင် ၂၀၃၀ ခုနှစ်၊ ဇွန်လအထိ ထိန်းထားနိုင်မဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။

အသက် ၂၂ နှစ်ရှိ အိုင်ဗရီကို့စ်တောင်ပံကစားသမားရဲ့ ယခင်စာချုပ်မှာ ယခုရာသီအကုန်တွင် ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်အတွင်းတွင် ကလပ်ဘက်က တစ်နှစ်သက်တမ်းတိုးနိုင်မဲ့ အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါပေမဲ့ ယူနိုက်တက်ဟာ ယခုရာသီတွင် ၂၇ ပွဲ ကစားထားရာမှာ ၈ ဂိုးအထိ သွင်းယူထားတဲ့ အရေးပါတဲ့ကစားသမားအား နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလာပါတယ်။

ဒီရယ်လိုက “စာချုပ်သစ် ချုပ်ဆိုလိုက်နိုင်လို့ အရမ်းဂုဏ်ယူတယ်။ ဒီကလပ်မှာ တကယ့်ကို ကြီးကျယ်တဲ့အမှတ်ရစရာတွေ ကြုံထားပြီးသားပါ။ ဒါပေမဲ့ နောက်ထပ် ပိုကြုံလာချင်ပါသေးတယ်။ ကျွန်တော့်မှာ ပွဲနဲ့ပတ်သက်ပြီး ကြီးမားတဲ့ ရည်မှန်းချက် ရှိတယ်။

မန်ချက်စတာယူနိုက်တက်မှာ သမိုင်းမှတ်တိုင် စိုက်ချင်တယ်။ ဒီရာသီက လူတိုင်းအတွက် ခက်ခဲတဲ့ ရာသီပါ။ ဒါပေမဲ့ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ယုံကြည်တယ်။ အနာဂတ်မှာ တကယ့် စပါယ်ရှယ်ဖြစ်လာမှာပါ။ အသင်းကို အစွမ်းကုန်ကူညီသွားမယ်။ ပရိသတ်တွေ နောက်ထပ်တကြိမ် ဂုဏ်ယူရအောင် လုပ်သွားမယ်”လို့ ပြောကြားသွားပါတယ်။

ဒီရယ်လိုဟာ ၂၀၂၁ ခုနှစ်တွင် အတ္တလန္တာမှ ယူနိုက်တက်သို့ ပြောင်းလာပြီးနောက် ပွဲ ၅၀ ကစားထားရာမှာ ၉ ဂိုးသွင်းထားနိုင်ပါတယ်။

ဒီရယ်လိုဟာ ယူနိုက်တက်တွင် ကစားတဲ့ ပထမဆုံး သုံးရာသီမှာ ၉ ပွဲတည်းသာ ကစားခွင့်ရခဲ့ပြီး ရိန်းဂျား၊ ဆန်းဒါးလန်းသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆန်းဒါးလန်းမှာ အငှားဖြင့် ကစားစဉ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်တဲ့အထိ ခြေစွမ်းပြပြီးနောက် ယူနိုက်တက်သို့ ပြန်ရောက်လာခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆန်းဒါးလန်းအတွက် ၄၂ ပွဲကစားရာမှာ ၁၂ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

သူဟာ နည်းပြသစ်အေမိုရမ်လက်ထက်မှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး ဒီဇင်ဘာလတုန်းက မန်စီးတီးကို အနိုင်ရတဲ့ပွဲမှာ နာကျင်အချိန်ပိုအနိုင်ဂိုးသွင်းခဲ့သလို တနင်္ဂနွေနေ့တုန်းက အန်ဖီးလ်တွင် လီဗာပူးနှင့်သရေကျတဲ့ပွဲမှာလည်း ချေပဂိုးသွင်းပေးခဲ့ပါတယ်။