ဒီည ပွဲမတိုင်ခင် အာဆင်နယ် အသင်းသား တစ်ဦးကို ထုတ်ဖော် ချီးကျူးတဲ့ ယူနိုက်တက် နည်းပြ အမိုရင်
မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမိုရင်က အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ကို အက်ဖ်အေ ဖလား တတိယအဆင့်ပွဲမတိုင်ခင် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
သမိုင်းဝင် ပြိုင်ဘက်တွေဟာ တစ်လအတွင်း အမ်းမရိတ်စ်ကွင်းမှာ ဒုတိယအကြိမ်မြောက်တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၂ သင်းစလုံးက ရှံးပွဲတွေ့လို့ မရတဲ့အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။
အမိုရင်က အာဆင်နယ် အသင်းခေါင်းဆောင်ဟာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ခြင်းမရှိခဲ့ပေမယ့် အကောင်းဆုံး ကစားကွက်ဖန်တီးရှင်တွေထဲက တစ်ဦးအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူက တကယ်ကို ထူးခြားတယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုရင် သူ့ရဲ့ အာဆင်နယ်အတွက် ပွဲတိုင်းမှာ လွှမ်းမိုးနိုင်စွမ်းက အထင်ကြီးစရာကောင်းခဲ့လို့ပါ။
ကျွန်တော် စပို့တင်းနဲ့တုန်းက သူတို့နဲ့ ရင်ဆိုင်ကစားခဲ့ဖူးပြီး သူ ၂ ပွဲစလုံးမှာ မကစားနိုင်ခဲ့ပါဘူး။ အဲဒါကို အာဆင်နယ်အသင်းက ခံစားမိပါတယ်။ သူ ပါဝင်ကစားတဲ့အခါမှာ အာဆင်နယ်က မတူညီတဲ့အသင်းဖြစ်သွားပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီပွဲ မတိုင်ခင်မှာ အာဆင်နယ်ဟာ အဂါနေ့က နယူးကာဆယ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာကြောင့် စိတ်ပျက်ခဲ့ရတာဖြစ်ပြီး ကာရာဘောင်း ဗိုလ်လုပွဲကို ရောက်ရှိချင်တယ်ဆိုရင် ဒုတိယအကျော့မှာ ၃ ဂိုးပြတ်အနိုင်ရဖို့ လိုအပ်မှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကတော့ ပြီးခဲ့တဲ့အပတ်က အန်းဖီးမှာ လီဗာပူးလ်နဲ့ သရေကစားနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ပိုင်း အများကြီးတိုးတက်လာနေပေမယ့်လည်း ပြိုင်ပွဲစုံ နောက်ဆုံး အဝေးကွင်း ၆ ပွဲစလုံးမှာ နိုင်ပွဲမရခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ရဲ့အိမ်ကွင်းကို နောက်ဆုံးသွားကစားခဲ့တဲ့ပွဲမှာလည်း မန်ယူနိုက်တက်က ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဂန်းနားတွေရဲ့ ထောင့်ကန်ဘောနဲ့ အလွတ်တည်ကန်ဘောကောင်းမွန်မှုကို ကောင်းကောင်း တုံ့ပြန်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။