အာမက် ဒီညပွဲ ကစားဖို့ မသေချာဘူး ဆိုလာတဲ့ ယူနိုက်တက် နည်းပြ အမိုရင်

မန်ချက်စတာယူနိုက်တက် အသင်းဟာ တနဂ်နွေနေ့မှာ အမ်းမရိတ်စ်ကို သွားရောက်ပြီး အာဆင်နယ်နဲ့ အက်ဖ်အေ ဖလား တတိယအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အမိုရင်က အဲဒီပွဲမှာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ပွဲတုန်းကလိုမျိုး စွမ်းဆောင်ရည်ကို မြင်ရဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

နည်းပြ အမိုရင်က အာဆင်နယ်နဲ့ပွဲမှာ အိုနာနာအစား အရန်ဂိုးသမားဖြစ်တဲ့ အယ်တေး ဘရင်ဒီယာက ပွဲထွက်လာမယ်လို့ ထုတ်ဖော်ပြောကြားထားပြီ ဖြစ်ပြီး အမ်းမရိတ်စ်က ပွဲဟာ သရဲနီတွေအတွက် အချိန်ကောင်းမှာ ရောက်လာခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နောက်ဆုံး ၂ ပွဲစလုံးမှာ ကြယ်ပွင့်ကစားသမား ဘူကာယို ဆာကာ မပါဝင်နိုင်မှုကြောင့် နိုင်ပွဲရယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပေမယ့် မန်ယူနိုက်တက်ဘက်မှာလည်း လင်ဒီလော့ဖ်၊ ဂျွန်နီ အီဗန်စ်၊ လုခ် ရှော၊ မေဆန် မောင့်တို့အားလုံး လွဲချော်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရူဘင် အမိုရင်အတွက် အကြီးမားဆုံး ထိုးနှက်ချက်ကတော့ အာမက် ဒီရယ်လိုက ဒဏ်ရာကနေ ပြန်ကောင်းလာခြင်းမရှိဘဲ အာဆင်နယ်နဲ့ပွဲကို လွဲချော်ခဲ့ရင်ဖြစ်ပြီး အိုင်ဗရီကို့စ်ကြယ်ပွင့်က သရဲနီတွေရဲ့ လက်ရှိအချိန်အထိ စိတ်ပျက်စရာရာသီအတွင်းမှာ အတောက်ပဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ သရဲနီတွေအတွက် ဒီရာသီမှာ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားပြီး မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်တွေမှာလည်း အရေးကြီးတဲ့ သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အမိုရင်အနေနဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ နောက်ထပ်တဆင့် တက်ရောက်ချင်တယ်ဆိုရင်တော့ အာမက်ရဲ့ ခြေစွမ်းက ထိပ်တန်းပုံစံမှာ ရှိနေဖို့ လိုအပ်မှာဖြစ်ပြီး နေရာစုံကစားနိုင်တဲ့ တောင်ပံကစားသမားအနေနဲ့ ဒဏ်ရာကနေ အချိန်မီ ပြန်လည်သက်သာလာဖို့ မျှော်လင့်ရမှာဖြစ်ပါတယ်။

ဗစ်ကလည်း ဆက်ပြီး လွဲချော်ဦးမယ်။ ဂျွန်နီလည်း ဆက်ပြီး လွဲချော်မယ်။ အာမက်ကလည်း နည်းနည်း ဒဏ်ရာရထားပေမယ့် သူ ပြန်သက်သာလာနိုင်မယ်လို့ ထင်ပါတယ်။

လုခ် ရှောကလည်း ကြံ့ခိုင်မှုအခြေအနေ တိုးတက်လာအောင် ဆက်လုပ်နေတယ်။ မေဆန် မောင့်ရောပဲ။ ကျန်တဲ့သူတွေအားလုံးက ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်ဖို့နဲ့ ထပ်ပြီး ကစားပေးဖို့ ကြံ့ခိုင်မှုရှိနေကြပါတယ်လို့ အမိုရင်က ပြောဆိုခဲ့တာပါ။

မကြာသေးမီကမှ တပတ်လုပ်ခလစာ ပေါင် ၁ သိန်း ၂ သောင်းနဲ့ ၅ နှစ်ခွဲစာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အာမက်ဟာ အသင်းရဲ့ အသိအမှတ်ပြု ဂုဏ်ပြုမှုအတွက် ကွင်းထဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လည်တုံ့ပြန်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။